ဆန်ထမင်း အလွန်အကျွံစားသုံးခြင်းက ဆိုးကျိုးရှိကြောင်း UK ပညာရှင်များ သတိပေး

Freepik/FoodNet

ဗြိတိန်က သိပ္ပံပညာရှင်များရဲ့အဆိုအရ ဆန်ထမင်းကို အလွန်အကျွံစားသုံးပါက အသက်သေဆုံးသည်အထိ ဆိုးကျိုးတွေရှိတယ်လို့ ဆိုပါတယ်။ ဒီသုတေသနကို မန်ချက်စတာတက္ကသိုလ်နဲ့ ဆယ်လ်ဖို့တက္ကသိုလ်တို့က ပြုလုပ်ခဲ့တာဖြစ်ကြောင်း DailyMail သတင်းစာက ဖော်ပြခဲ့ပါတယ်။ သုတေသနအရတော့ ဆန်စပါးကို အထူးအားထားကြတဲ့ အာရှတိုက်လို နိုင်ငံတွေအတွက်တော့ သဘောမကျစရာ ဖြစ်ပါလိမ့်မယ်။

Wikimedia Commons

ဒါပေမယ့် သုတေသနပညာရှင်တွေရဲ့အဆိုအရတော့ ဆန်စပါးထဲမှာ အာဆင်းနစ်(စိန်-အဆိပ်ဓာတ်)ဆိုတာ ပါဝင်ကြောင်း၊ ယင်းအာဆင်းနစ်ဓာတ်ဟာ ရေရှည်အားဖြင့် နှလုံးရောဂါဖြစ်ဖို့အတွက် အကြောင်းခံဖြစ်တယ်လို့ ဆိုပါတယ်။ ဆန်စပါးကို အဓိကထားပြီးစားသုံးသူနဲ့ သာမန်စားသုံးသူ နှစ်မျိုးခွဲလိုက်တဲ့အခါထိပ်သီးစားသုံးသူ (၂၅)%အနက် (၆)%မှာ သာမန်စားသုံးသူလူဦးရေထက် နှလုံးရောဂါနဲ့သေနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ အာဆင်းနစ်ဓာတ်ဟာ တကယ်တော့ မူလသဘာဝအားဖြင့် အဆိပ်အတောက် မရှိသလောက်နည်းပါးတဲ့ ဓာတ်တစ်မျိုးပါ။ ကောက်ပဲသီးနှံတွေထဲမှာ သီးနှံ ကြီးလာသည်နှင့်အမျှ သဘာဝအတိုင်း အလိုလျှောက် စုဆောင်းတာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါဓာတ်ဟာ ရေရှည်အားဖြင့်တော့ လူကို ဒုက္ခပေးနိုင်တဲ့ ဓာတ်ဖြစ်သွားပါတယ်။ လူတွေရဲ့ နေမကောင်းမှု၊ ကင်ဆာများနဲ့ တိုက်ရိုက်သက်ဆိုင်နေမှု၊ အသည်းရောဂါတွေအပြင် နှလုံးရောဂါရဲ့အခြေခံအုတ်မြစ်လည်း ဖြစ်လာတယ်လို့ ဆိုပါတယ်။

သို့သော်လည်း ငါးတွေ၊ အသားတွေ၊ ခရုကမာကဲ့သို့သော အခွံမာပင်လယ်စာတွေ၊ CP ကြက်တွေ၊ နို့နဲ့နို့ထွက်ကုန်ပစ္စည်းတွေ၊ နှံစားပင်နဲ့ အခြားကောက်နှံပင်အမျိုးမျိုးမှာလည်း အာဆင်းနစ်တွေ အနည်းနဲ့အများ ပါဝင်နိုင်တာကြောင့်၊ ဆန်စပါးတစ်ခုတည်းက လူကို ဒုက္ခပေးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုပြီး ထောက်ပြသူတွေလည်း ရှိနေပါတယ်။

UK ပညာရှင်တွေကတော့ နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှာ ဆန်စပါးမှာပါဝင်တဲ့ အာဆင်းနစ်ကြောင့် (နှလုံးရောဂါနဲ့ တခြားဆက်စပ်ရောဂါတွေဖြစ်ပြီး) သေဆုံးသူ(၅၀၀၀၀)ကျော်ရှိတယ်လို့ ထောက်ပြထားပါတယ်။ အာဆင်းနစ်ဟာ သဘာဝအားဖြင့် မြေထဲမှာ ပျော်ဝင်နေတဲ့ဓာတ်ဖြစ်ပါတယ်။

ဒါပေမယ့် သီးနှံဖွံ့ဖြိုးဖို့အတွက် အာဆင်းနစ်အခြေခံ ပိုသတ်ဆေးတွေ၊ အာဆင်းနစ် အလွန်ပျော်ဝင်နေတဲ့ ရေကို အသုံးပြုစိုက်ပျိုးတာတွေက ဆန်စပါးကို အခြားသီးနှံတွေထက် အာဆင်းနစ်ဓာတ်တွေ ပိုများစေတယ်လို့ ဆိုထားပါတယ်။ ဒါကတော့ နိုင်ငံတစ်နိုင်ငံချင်း စိုက်ပျိုးတဲ့အလေ့အထ မတူညီနိုင်ပါဘူး။

ဆန်စပါးရဲ့သဘောကလည်း ရေမပြတ်အောင်ထားပြီး စိုက်ရတဲ့အပင်မျိုးဖြစ်တဲ့အတွက် ရေထဲမှာ အာဆင်းနစ်ပျော်ဝင်မှုအားက တခြားသီးနှံတွေထက် ပိုများနေစေတယ်လို့ မန်ချက်စတာတက္ကသိုလ်မှာ ပါမောက္ခ ဒေါက်တာ David Polya က ဆိုပါတယ်။

The University of Manchester

ဒေါက်တာ David Polya ရဲ့အဆိုအရ ဆန်စပါးကိုစားသုံးသူ ထိပ်သီး (၂၅)%မှာ (၆)%က သာမန်စားသုံးသူထက် အသေအပျောက်များစေနိုင်ကြောင်း၊ တစ်ခါတလေ ၎င်းအုပ်စုနှစ်စုအကြားမှာ (၁၁)%အထိ ကွာခြားချက်ရှိနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

ဒါပေမယ့် ၎င်းတို့ သုတေသနအဖွဲ့အနေနဲ့ အခုလေ့လာရေးကို ကန့်သတ်မှုတွေကြားမှာ လေ့လာခဲ့ရတာမို့ ဒီဖြစ်စဉ်ပိုပြီး ခိုင်မာမှန်ကန်ဖို့အတွက် ပိုမိုများပြားတဲ့ သုတေသနလုပ်ငန်းစဉ်တွေ လိုအပ်နေသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။ UK ပညာရှင်တွေကတော့ အာဆင်းနစ်ဓာတ် နည်းပါးတဲ့ ဆန်အဖြစ် Basmati ခေါ် အိန္ဒိယဆန်ရှည်မျိုးကို ထောက်ခံချက်ပေးထားပါတယ်။

လင်းသူရိန်

SHARE