နာမည်ကြီးရခြင်းရဲ့ ဆိုးကျိုးတွေကြောင့် စိတ်ရောဂါခံစားနေရကြောင်း Ed Sheeran ဖွင့်ဟ

Cherry Seaborn နဲ့ လက်ထပ်ထားပြီဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ Ed ကတော့ သူဟာ နာမည်ကြီးရတဲ့ဘဝကို စိတ်ကုန်နေပုံရပါတယ်။ သူဟာ Friendship Group ကိုလည်း ဖြတ်တောက်ထားလိုက်ပြီဖြစ်ပြီး၊ သူ့ရဲ့ သူငယ်ချင်း (၄)ဦးနဲ့သာ အဆက်အဆံ ပြုလုပ်တော့တယ်လို့ ဆိုပါတယ်။ သူ့ကိုယ်သူ တိရစ္ဆာန်ရုံထဲက သတ္တဝါတစ်ကောင်ကောင်လို့တောင် ထင်မိနေတယ်လို့ ပြောပါတယ်။

Ed က သူ့လို နာမည်ကျော်ကြားသူတစ်ယောက်အနေနဲ့ ပရိသတ်တွေ ဝိုင်းအုံလာတာကို ဂုဏ်မယူနိုင်တော့ဘဲ၊ အမှတ်တရ ဓာတ်ပုံအရိုက်ခံဖို့သက်သက်၊ သတ္တဝါတစ်ကောင်ကောင်နဲ့ တူလာတယ်လို့သာ သူက ခံစားမိနေပါတယ်တဲ့။ သူရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းလာမှုဟာ ဇနီးသည် Cherry နဲ့ ဆက်ဆံရေးကိုတောင် စောဒကတွေ များစွာတက်စေခဲ့တယ်လို့ ပြောပါတယ်။

အသက်(၂၈)နှစ်အရွယ် Ed က သူရရှိတဲ့ အောင်မြင်ကျော်ကြားမှုဟာ သူ့ကို ကြောက်လန့်စိုးရိမ်စိတ်တွေ တိုးပွားစေခဲ့ပြီး၊ သူ့ရဲ့လူမှုဆက်ဆံရေး အဝန်းအဝိုင်းကိုပါ ပိုပြီးကျဉ်းမြောင်းစေခဲ့တယ်လို့ ဆိုပါတယ်။ အခုဆိုရင် သူ့ရဲ့ဖုန်းဟာ သူ့ရဲ့ဖုန်းလို့ မခံစားရတော့ပဲ လွတ်လပ်မှုတွေကို နှောက်ယှက်ဟန့်တားနေတဲ့အရာလို့တောင် မြင်လာမိပါတယ်တဲ့။

The Sun နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ သူဟာ ပရိသတ်တွေ ဝိုင်းအုံလိုက်ခံရခြင်းနဲ့ပတ်သက်လို့ “ ဒါက ကျွန်တော့်ကို လူနဲ့တောင် မတူတော့ဘူးလို့ ထင်တာ … ခင်ဗျား သူတို့နဲ့အတူတူ ရှိနေချိန်မှာ သိပ်ကောင်းတယ်၊ သိပ်ပျော်ရတယ် ထင်ရပေမယ့် တကယ်တမ်းက သူတို့ ဓာတ်ပုံလေးတွေ ရချင်လို့ လာကပ်ကြတာလေ … မြင်သာအောင် ပြောရရင်”

 

 

View this post on Instagram

 

I love playing Beautiful People on tour! It’s the first track on my new record, go buy it, stream it, share it x

A post shared by Ed Sheeran (@teddysphotos) on

“ ကျွန်တော် စားသောက်ဆိုင်တစ်ခုမှာ အေးအေးဆေးဆေး စားသောက်ချင်တယ်ဆိုရင် … သီးသန့်အခန်းပဲ တောင်းလေ့ရှိတယ် … မဟုတ်ရင် အပြင်မှာ ထိုင်လိုက်တာနဲ့ ကျွန်တော် စားနေသောက်နေတာကို တစ်ယောက်ယောက်က ဓာတ်ပုံလာရိုက်ယူကြမှာလေ … ဒီလိုပုံစံမျိုးဆိုရင် ကိုယ့်ကိုယ်ကို တိရစ္ဆာန်တစ်ကောင်လို ခံစားမိစေမှာပဲ …ကျွန်တော် ဒါကို ကွန်ပလိန်းတက်တာ မဟုတ်ဘူးနော် … ကျွန်တော့်မူလ စိတ်ထားအရ အေးအေးနေချင်တယ် … ဒါမျိုးတွေကို ရှောင်ချင်တယ်”လို့ ပြောခဲ့ပါတယ်။

Ed ဟာ သူ စိတ်ပိုင်းဆိုင်ရာ ခံစားနေရတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး သူရဲ့ I Don’t Care သီချင်းထဲမှာ  ‘With all these people all around, I’m crippled with anxiety, But I’m told it’s where I’m supposed to be.’ ဆိုပြီး ထည့်သွင်းရေးသားခဲ့ပါတယ်။

လင်းသူရိန် (Shwemom)

SHARE