ကမ္ဘာကြီးပူနွေးလာတာနဲ့ ပင်လယ်ရေမျက်နှာပြင်ဟာ တဖြည်းဖြည်းမြင့်တက်လာနေပြီး ပစိဖိတ်သမုဒ္ဒရာထဲက အနဲဆုံးကျွန်း၈ကျွန်းလောက် လုံးဝကွယ်ပျောက်ခဲ့ပါတယ်လို့ Metro သတင်းကနေတွေ့ရှိရပါတယ်။
မြေနိမ့်ပိုင်းနိုင်ငံတွေဖြစ်တဲ့ Micronesia နဲ့ Solomon Islands နိုင်ငံတွေက ရာသီဥတုပြောင်းလဲမှုအကျိုးဆက်ရဲ့ သားကောင်တွေဖြစ်ခဲ့ကြပြီး နှစ်စဉ် ပျမ်းမျှ၅မီလီမီတာလောက် ရေမျက်နှာပြင်မြင့်တက်လျက်ရှိနေပါတယ်။ သဘာဝလေတိုက်ခတ်ပုံစက်ဝန်းအရ အနောက်ဘက်ပစိဖိတ်သမုဒ္ဒရာထဲမှာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်နှုန်းက ပိုမိုမြန်ဆန်ပါတယ်။ ၁၉၉၀ခုနှစ်များကစပြီး ၁၂မီလီမီတာလောက်မြင့်တက်လျက်ရှိနေတာပါ။

သြစတေးလျမှာရှိတဲ့ Sunshine Coast University က Patick Nunn လို့ အမည်ရတဲ့ ပုဂ္ဂိုလ်က ကျွန်းစုတွေဟာ တဖြည်းဖြည်းကွယ်ပျောက်နေတာကို တွေ့ရှိခဲ့တာပါ။ သူဟာ ကမ်းရိုးတန်းဒေသတွေမှာ ဒေသခံတွေကိုမေးမြန်းတာ၊ ဂြိုလ်တုကရတဲ့ ဓာတ်ပုံတွေကို လေ့လာပြီး စစ်တမ်းကောက်ခဲ့ပါတယ်။ Nunn တို့အဖွဲ့ ရှာဖွေတွေ့ရှိခဲ့တာကတော့ မြေနိမ့်တဲ့ကျွန်းစုတော်တော်များများက တစ်စစနဲ့ နစ်မြုပ်နေတာ ၊ ဒါမှမဟုတ်ရင် လုံးလုံးပျောက်ကွယ်သွားတာကို တွေ့ရပါတယ်။
ဒေသခံတွေက သုတေသနအဖွဲ့ကို ပြောတာက Kepidau en Pehleng နဲ့ Nahlapenlohd ၂ကျွန်းကတော့ လုံးဝနစ်မြုပ်သွားကြောင်းပြောပြကြပါတယ်။

ဝေဟင်ကရိုက်ယူထားတဲ့ ဓာတ်ပုံတွေအရနောက်ထပ်ကျွန်း၆ကျွန်းဖြစ်တဲ့ Laiap, Nahtik နဲ့ Ros ကျွန်းတန်းတွေက ၂၀၀၇ နဲ့၂၀၁၄ကြားမှာ ကွယ်ပျောက်ခဲ့တယ်လို့သိရပါတယ်။ Nunn သတိပေးတာကတော့ မြေအနိမ့်ပိုင်းမှာရှိနေတဲ့ မီတာ၁၀၀စတုရန်းပတ်လည်ရှိတဲ့ကျွန်းတွေက တစ်စမကျန်ရေအောက်ရောက်မယ့် အခြေအနေရှိတာကိုပါ။ ဒီသုတေသနပြုချက်ကိုတော့ Journal of Coastal Conservation ၂၀၁၇ထုတ်မှာပုံနှိပ်ခဲ့တာပါ။
၂၀၁၆မှာတော့ Australia နိုင်ငံ University of Queensland မှ Simon Albert တို့အဖွဲ့က လေ့လာမှုလုပ်ပြီး အလားတူတွေ့ရှိခဲ့ပါတယ်။ သူတို့အဖွဲ့ကတော့ ဆော်လမွန်ကျွန်း၅ကျွန်းကို ၂၀ရာစုနှစ် အလယ်ပိုင်းလောက်ကတည်းက စပြီး ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ သုတေသနပြုအပြီးမှာ သူပြောခဲ့တာကတော့ ဒီနေရာတွေဟာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနှုန်းအလွန်လျင်မြန်တာကို ခံစားသိရှိနိုင်မယ့် ပထမဆုံးသော နေရာတွေလို့ဆိုပါတယ်။ ဒါ့အပြင် ရှေ့ကိုဘာဆက်ဖြစ်စေမယ်ဆိုတာ ကြိုတင်မှန်းဆနိုင်မယ့် အမြင်ကိုပေးပါတယ်လို့ ဆိုပါတယ်။

တချို့ကျွန်းတွေက ပင်လယ်ရေမျက်နှာပြင်ထက် မမြင့်ပေမယ့်ရေတိုက်စားမှုဒဏ်ကိုခံနိုင်ရည်ရှိကြပါတယ်။ ပထ၀ီအနေအထားအရ အကာအကွယ်ရှိနေတာတွေ၊ သဘာဝပေါက်ပင်တွေ အများအပြားပေါက်ရောက်နေတာတွေနဲ့ တောင်ထူထပ်တဲ့မျက်နှာပြင်ရှိတဲ့ ကျွန်းတွေဟာ ထုံးအိုင်တွေထဲမှာ အနည်အနှစ်တွေ တင်ကျန်နေတာကြောင့် ပင်လယ်ရေဒဏ်ကို ပိုမိုခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။
လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။