YouTube ကနေငွေအများဆုံးရှာနိုင်သူစာရင်းမှာ ထိပ်ဆုံးရောက်ခဲ့တဲ့ (၈)နှစ်သားလေး

Youtube

မိမိအသက်(၈)နှစ်လောက်မှာ တစ်နှစ်ကို ပေါင်သန်း(၂၀)လောက် ရှာနိုင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တဲ့အကြောင်း သင်တို့ စဉ်းစားမိပါလိမ့်မယ်။ ဒါပေမယ့် Ryan Kaji ကတော့ (၈)နှစ်အရွယ်မှာ ပေါင်သန်း(၂၀)အထိ ရှာနိုင်တဲ့ ထိပ်သီးဝင်ငွေကို ပိုင်ဆိုင်ထားနေပါပြီ။ The Sun မှာတော့ ပေါင်သန်း(၂၀)လို့ ဖော်ပြထားပြီး၊ LadBible မှာတော့ (၁၉.၈)သန်းလို့ ဖော်ပြထားပါတယ်။

Ryan ဟာ ယခုနှစ် YouTube ကနေ ပိုက်ဆံအများဆုံးရှာနိုင်သူတွေစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်ခဲ့ပါတယ်။ ယမန်နှစ်ကလည်း (၇)နှစ်သားအရွယ် Ryan ဟာ ပေါင် (၁၇.၃)သန်းနဲ့ ဝင်ငွေထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ သူဟာ ကလေးကစားစရာအရုပ်တွေကို Review ပြန်ပေးတဲ့ YouTube ချန်နယ်ကို တည်ထောင်ထားပြီး၊ Subscribe ပြုလုပ်ထားသူက (၂၂)သန်းတောင် ရှိပါတယ်။

အခု ထိပ်သီးဝင်ငွေရှင် YouTuber စာရင်းကိုတော့ Forbes က ထုတ်ပြန်တာဖြစ်ပြီး၊ (၂၀၁၉)ဇွန်လနဲ့ (၂၀၁၉) ဇွန်လအတွင်း ဝင်ငွေအများဆုံးရှာနိုင်ကြတဲ့ YouTuber တွေးကို အဆင့်နဲ့သတ်မှတ်ပြီး ရွေးချယ်ဖော်ပြတာဖြစ်ပါတယ်။ Ryan ဟာ အမေရိကန် တက္ကဆက်မှာ နေထိုင်ပါတယ်။ Ryan’s world အမည်ရ YouTube (Ryan ToysReview)ချန်နယ်ကို လည်ပတ်နေသူပါ။

သို့ပေမယ့် ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက Ryan ရဲ့ မိဘတွေဟာ စပွန်ဆာတွေရဲ့ကုန်ပစ္စည်းတွေ သမန်ကာလျှံကာပဲ ဖော်ပြခဲ့တယ်ဆိုပြီး Truth In Advertising က စွပ်စွဲခဲ့မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် Ryan ရဲ့မိဘတွေဖြစ်တဲ့ Shion နဲ့ Kieu-Loan ကတော့ သူတို့ဟာ ကြော်ငြာစည်းမျဉ်းတွေကို အမြဲလိုက်နာကြောင်း ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ ဖြေရှင်းချက်ထဲမှာ “ ပရိသတ်တွေဟာ ကျွန်တော်တို့အတွက် ပထမဦးစားပေး ဖြစ်ပါတယ် … ကျွန်တော်တို့ဟာ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေကို အစဉ်လေးစားလိုက်နာနေပြီး ကြော်ငြာတွေနဲ့ပတ်သက်တဲ့ မြင်သာစေရေး သတ်မှတ်ချက်စံနှုန်းတွေကိုလည်း လိုက်နာနေပါတယ် … ”လို့ ဖြေရှင်းခဲ့ပါတယ်။

လင်းဇော်ကို

SHARE