အဖွားကိုစောင့်ရှောက်ဖို့ အမှူထမ်းခွေးကို ခရီးသည်ခန်းထဲခေါ်ခွင့်ပြုခဲ့တဲ့ လေကြောင်း

twitter/Mina Velloo Kuttie

လေယာဉ်ခရီးရှည်ကြီး စီးရတာကို ဘယ်သူမှ မနှစ်သက်ကြပါဘူး။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ panic attack ဝေဒနာရှိသူတွေဟာဆိုရင် လေယာဉ်ချိန်ကြာလေလေ သူတို့အတွက် ပိုစိတ်အနှောင့်အယှက် ဖြစ်ရလေလေပါပဲ။ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့မှူလိုအပ်နေသူတွေအတွက်ကတော့ လေယာဉ်အကြာကြီးစီးရတဲ့အခါ တိရစ္ဆာန်လေးတွေကို ခေါ်ပြီး ခရီးသွားတာက သူတို့အတွက် ပိုအဆင်ပြေစေပါတယ်။

အသက်(၇၂) နှစ်အရွယ် အမျိုးသမီးကြီး မီနာဗဲလူးကူတီဆိုသူနဲ့ သူမရဲ့ခွေးတို့ဟာလည်း လေကြောင်းလိုင်းရဲ့ ကောင်းမှူကြောင့် ခရီးသည်စီး လေယာဉ်ခန်းထဲကနေ အတူတူ လိုက်ပါခွင့်ခဲ့ရကြောင်း worldofbuzz ကနေတဆင့် သိရပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ကွာလာလမ်ပူကနေ အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ကို (၂၄) နာရီကြာ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ဘော်စတွန်မြို့မှာတော့ အမျိုးသမီးကြီးက သားဖြစ်သူနဲ့ သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။ သားဖြစ်သူ မူသူးကူမားကတော့ မိခင်ဖြစ်သူ မီနာရဲ့ ဆရာဝန်ကြီးက ခရီးစဉ်တစ်လျှောက် မိခင်ကြီးစိတ်ပိုင်းဆိုင်ရာ လုံခြုံမှူရစေဖို့အတွက် သူမရဲ့ အမှူထမ်းခွေးကိုပါ ခေါ်သွားဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

twitter/Mina Velloo Kuttie

ဒါကြောင့် မူသူးဟာ Qutar လေကြောင်းလိုင်းက တိရစ္ဆာန်တွေကို လေယာဉ်ပေါ်ခေါ်တင်ခွင့်ပြုတယ်ဆိုတာ သိပြီးတဲ့နောက် မီနာရဲ့အမှူထမ်းခွေးလေး ပက်ခ်ျအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းတော့ အဖွားမီနာက ပက်ခ်ျကို လေယာဉ်လိုင်းက ခေါ်ခွင့်ပေးတယ်ဆိုရင်တောင် သူမနဲ့တော့ ခရီးသည်စီး အခန်းထဲမှာပဲ အတူတူထားမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာပါ။

ဒါပေမယ့်လည်း မီနာဟာ ပက်ခ်ျနဲ့အတူ လေဆိပ်ထဲ checkin လုပ်တဲ့အခါမှာတော့ လေကြောင်းလိုင်းက ပက်ခ်ျကို မီနာနဲ့အတူ လေယာဉ်အတူစီးခိုင်းဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ပက်ခ်ျဟာ ပိုင်ရှင်နဲ့ခွဲမထားခံရတဲ့အပြင် လေကြောင်းလိုင်းဝန်ထမ်းတွေရော၊ အခြားလေယာဉ်စီးခရီးသည်တွေရဲ့ ၀ိုင်းဝန်းကြိုဆိုတာကိုပါ ခံခဲ့ရတာ ဖြစ်ပါတယ်။

မူသူးကတော့ ဖခင်ဖြစ်သူ သေဆုံးပြီးကတည်းက ခွေးလေးပက်ခ်ျဟာ မိခင်နားမှာ စောင့်ရှောက်ပြီးနေလာတာ နှစ်အနည်းငယ်တောင် ကြာနေပြီဖြစ်ကြောင်း ပြောပြပါတယ်။ ပုံမှန်ဆိုရင် ခရီးချိန်အကြာကြီးမောင်းနှင်ရတဲ့ လေယာဉ်ခရီးစဉ်မျိုးမှာ အိမ်မွေးတိရစ္ဆာန်တွေကို ပိုင်ရှင်နဲ့အတူတူ ခရီးသည်ခန်းထဲ အတူတူစီးခွင့်ပေးတာဟာ ရှားပါတယ်။ ဒါပေမယ့် အခုကတော့ လေကြောင်းလိုင်းဟာ အဖွားမီနာကို စာနာငဲ့ညှာတဲ့အနေနဲ့ ခရီးစဉ်တစ်လျှောက်လုံး ပက်ခ်ျကို သခင်နဲ့အတူ လိုက်ပါခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ပက်ခ်ျဟာလည်း လူ့အရိပ်အကဲ အင်မတန်သိတဲ့ ခွေးတစ်ကောင်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက်လုံး ကောင်းကောင်းမွန်မွန် ပြုမူနေထိုင်လာခဲ့တယ်လို့ လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE