ဂျပန်နိုင်ငံက ဂီဖူစီရင်စုနယ် ဂီဖူမြို့နာဂါရာနီရှီမူလတန်းကျောင်းက ၆တန်းကျောင်းသားလေးတွေဟာ အောက်တိုဘာလ ၃၁ ရက်နေ့ကျရင် တိုကျိုကိုညအိပ်အလည်သွားဖို့ စီစဉ်ထားခဲ့ကြတာပါ။ ဂျပန်လူမျိုးတွေရဲ့ဘဝမှာတော့ ကျောင်းသားဘဝဆိုတာ အရေးကြီးတဲ့မှတ်ကျောက်တစ်ခုပါပဲ။ ဒါကြောင့်လည်း မူလတန်းကျောင်းပြီးတဲ့အမှတ်တရအဖြစ် ခရီးထွက်ကြဖို့ နာဂါရာနီရှီကျောင်းသားကျောင်းသူတွေက မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။
ကံဆိုးချင်တော့ ကိုဗစ်အန္တရာယ်ကပေါ်လာတဲ့အတွက် သူတို့တွေခရီးထွက်ခွင့်မရတော့ပါဘူး။ ခရီးမထွက်ရပေမယ့်လည်း ကျောင်းသားလေးတွေဟာ မူလတန်းကျောင်းသားဘဝရဲ့ အမှတ်တရကိုဖန်တီးဖို့ တွန့်ဆုတ်မနေခဲ့ဘဲ အံ့သြစရာအစီအစဉ်လေးတစ်ခု ဖန်တီးခဲ့ပါတယ်။

သူတို့မှာ အစားထိုးအစီအစဉ်တစ်ခုလုပ်ဖို့အကြံရှိတာနဲ့ အတန်းကိုယ်စားလှယ်တွေက ကျောင်းအုပ်ကြီးဆီမှာ ခွင့်သွားတောင်းခဲ့ပါတယ်။ သူတို့အကြံကတော့ ကျောင်းဝင်းထဲမှာပဲ ခရီးထွက်သလိုမျိုး နေထိုင်ကြဖို့ ဖြစ်ပြီး ရောဂါကူးစက်မှုနည်းပါးစေဖို့အတွက်တော့ တစ်ကိုယ်စာအိပ်လို့ရတဲ့ရွက်ဖျင်တဲလေးတွေနဲ့ ညအိပ်မယ်ဆိုပြီးတော့ တောင်းဆိုတာ ဖြစ်ပါတယ်။

ကျောင်းသားလေးတွေတင်ပြလာတဲ့ အစီအစဉ်ကို အရမ်းသဘောကျတဲ့အတွက် ကျောင်းအုပ်ကြီးက ကျောင်းမှာပဲ အမှတ်တရအတွေ့အကြုံလေးတွေ ဖန်တီးဖို့ခွင့်ပြုလိုက်ပါတယ်။ မကြာခင်မှာပဲ ကျောင်းသားလေးတွေဟာ သူတို့ရဲ့အကြံဉာဏ်တွေကို စတင်အကောင်အထည်ဖော်ပါတော့တယ်။ သူတို့ခရီးထွက်မယ့်ညကလည်း အောက်တိုဘာ ၃၁ရက် ဟော်လိုဝိန်းညဖြစ်တဲ့အတွက် ကျောင်းစာသင်ခန်းတွေကို ဟော်လိုဝိန်းပွဲတော်ပုံစံအတိုင်း သရဲအိမ်လိုမျိုးလုပ်ပြီး ပြင်ဆင်ခဲ့ကြပါတယ်။
ညရောက်တဲ့အခါမှာတော့ အချင်းချင်း အုပ်စုတွေခွဲပြီး ကျောင်းခန်းတွေထဲက သူတို့ကိုယ်တိုင်လုပ်ထားတဲ့ သရဲအိမ်တွေဆီ လည်ပတ်ခဲ့ကြပါတယ်။ သရဲအိမ်တွေထဲမှာတော့ ကြောက်စရာရုပ်ပုံတွေ၊ အသံတွေအပြင် တစ်ခါတစ်လေလည်း တစ္ဆေတွေက ထွက်လာတာကိုလည်း တွေ့ရပါသေးတယ်။ ကျောင်းသားတွေဟာ အမှန်ပဲ social distancing စည်းမျဉ်းကိုလိုက်နာထိန်းသိမ်းခဲ့ကြပါ။ မူလတန်းကျောင်းသားဘဝ နောက်ဆုံးနှစ်ရဲ့ အငွေ့အသက်လေးတွေကို မရရအောင်ယူသွားခဲ့တဲ့ ဂျပန်လူမျိုးကျောင်းသားလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကတော့ တကယ့်ကိုချီးကျူးဖွယ်ပဲဖြစ်တာကို soranews24 ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။
ShweMom