အလုပ်ချိန်အတွင်း သက်တောင့်သက်သာနဲ့ အချိန်ကြာကြာ ထိုင်နိုင်စေမယ့် ထိုင်ခုံ

instagram/mysoulseat

ကြည့်လိုက်ရင်တော့ သာမန်ရိုးကျ ထိုင်ခုံလေးပါပဲ။ ဒါပေမယ့် ထိုင်ခုံမှာ ခြေထောက်တွေကို တင်ပလင်ခွေထိုင်နိုင်အောင်လို့ အောက်ခြေငြိမ်တဲ့ ဆိုဖာပြားလေးတစ်ခု ပါဝင်ပါတယ်။ ထူးခြားတဲ့ ဒီဇိုင်းအမြင်သစ်နဲ့ ဒီိထိုင်ခုံကို worldofbuzz သတင်းကနေ တဆင့် တွေ့ခဲ့ရတာပါ။

အထူးသဖြင့် ပြောရမယ်ဆိုရင်တော့ ထိုင်ခုံပေါ်မှာ ထိုင်နေပေမယ့်လည်း ကြမ်းပေါ်မှာ ထိုင်နေသလိုမျိုး သက်တောင့်သက်သာရှိတဲ့ ခံစားမှုမျိုးရအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ခုံကို တီထွင်သူကတော့ ပက်ခ်မက်သယူးဆိုသူပါ။ ပက်ခ်က ထိုင်ခုံကို ဒီတိုင်းကြည့်ရင် နည်းနည်းထူးဆန်းသလို ထင်ရပေမယ့် ထိုင်တာ အသားကျသွားတဲ့အခါမှာတော့ နှစ်ခြိုက်ကြမှာပါလို့ ဆိုပါတယ်။

အကြောင်းကတော့ ခုံဟာ တင်ပါးဆုံရိုးကို ရှေ့ကိုညွတ်စေပြီး တင်ပါးတွေကို ဖွင့်ပေးကာ ကျောရိုးကို အချိန်ကြာကြာထိုင်လို့ကောင်းအောင် ပုံစံကျနစေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ခုံကို ယောဂသမားတွေအတွက် အဓိကရည်ရွယ်ထားတာ ဖြစ်ပြီး တီထွင်သူကိုယ်တိုင်က ယောဂပညာရပ်ကို နှစ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သူလည်း ဖြစ်ပါတယ်။

ခုံကို ကြည့်ရတာ ဒီလောက်ကြီး မဟုတ်ပေမယ့်လည်း ဈေးကတော့ နည်းနည်းများပါတယ်။ ၄င်းထိုင်ခုံရဲ့ ဈေးကွက်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၅၇၅) ဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE