Mask မတပ်ချင်တဲ့ လူတွေကို အပြတ်ဖြဲထားတဲ့ Eminem ရဲ့ သီချင်းအသစ်

[email protected]

လက်ရှိအချိန်ဟာ COVID 19 ဖြစ်ပွားနေတဲ့ အချိန်ကာလဖြစ်တာကြောင့် လူတိုင်းနီးပါးဟာ အိမ်ထဲမှာပဲ နေနေကြရသလို အပြင်ထွက်ရင်လည်း Mask ကို မဖြစ်မနေတပ်သွားရလေ့ ရှိပါတယ်။ ဒါပေမယ့် လူတစ်ချို့ကတော့ Mask တပ်ဖို့ကို အပို အလုပ်လို့ မြင်နေကြပြီး အပြင်သွားရင်လည်း Mask ကို မတပ်ပဲ သွားလေ့ ရှိကြပါတယ်။ အခုလည်း ကမ္ဘာကျော် ရက်ပ်ပါတစ်ဦးဖြစ်တဲ့ Eminem နဲ့ နာမည်ကြီး ရက်ပ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ Kid Cudi တို့ နှစ်ယောက်ပေါင်းပြီး Mask မတပ်တဲ့လူတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ သီချင်းအသစ်တစ်ပုဒ် ထွက်ရှိခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

သီချင်းရဲ့ နာမည်ကတော့ The Adventures of Moon Man & Slim Shady လို့ အမည်ရပြီး ပြီးခဲ့တဲ့ သောကြာနေ့(၁၀.၇.၂၀၂၀)တုန်းက ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသီချင်းထဲမှာတော့ Eminem နဲ့ Kid Cudi တို့ဟာ ကမ္ဘာကြီးကို ကာကွယ်ဖို့ ရောက်ရှိလာတဲ့ စူပါဟီးရိုးတွေနေရာကနေ ခံစားသီဆိုထားတာ ဖြစ်ပါတယ်။ သီချင်းထဲမှာတော့ ဒီလို Mask မတပ်တဲ့ လူတွေဟာ လူသားမျိုးနွယ်အတွက် ဘယ်လိုပုံစံမျိုး ထင်ဟပ်စေကြောင်းကို ပေါ်ပေါ်လွင်လွင် သီဆိုပြသွားကြောင်း သိရပါတယ်။

“လူတွေကတော့ တော်တော်ခက်ပါတယ်။ ကိုယ်စည်ကမ်းမဲ့ ပြုလုပ်လိုက်တဲ့ ကိစ္စတစ်ခုကြောင့် အခြားလူတွေ ဘာတွေ ဖြစ်သွားနိုင်တယ်ဆိုတာ သူတို့ မတွေးကြဘူး။ ကိုယ်အဆင်ပြေဖို့ပဲ ကြည့်ကြတယ်။ ဘယ်သူကတော့ ဒီလို Face mask ကြီးကို အချိန်ပြည့် တပ်ချင်မှာလဲ။ ဒါပေမယ့် မတပ်ရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတဲ့ အကျိုးဆက်တွေ သူတို့ မစဉ်းစားကြဘူး။ အဲဒါကြောင့်မို့လို့ Kid Cudi နဲ့ ကျွန်တော်ပေါင်းပြီး ဒီလိုသီချင်းတစ်ပုဒ်ကို ဖန်တီးခဲ့တာပါ” လို့ Eminem က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ Eminem ရဲ့ ၁၁ ချပ်မြောက် Album ဖြစ်တဲ့ Music to Be Murdered By ဟာ ထွက်ရှိခဲ့ပြီး Hiphop ပရိသတ်တွေရဲ့ အကြိုက်အနှစ်သက်ဆုံး Album တစ်ချပ် ဖြစ်ခဲ့ပါတယ်။ Kid Cudi ကတော့ ၂၀၂၀ ခုနှစ်မှာ သီချင်းအသစ်နှစ်ပုဒ်ထွက်ရှိထားပြီး HBO က ရိုက်ကူးတဲ့ Westworld စီးရီးမှာ Francis ဇာတ်ရုပ်နေရာက သရုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

READ
မဖိတ်ဘဲရောက်လာတဲ့ ဧည့်သည်လေးကြောင့် ပိုပြီးပျော်ဖို့ ကောင်းသွားခဲ့တဲ့ မင်္ဂလာပွဲ

Pyi Hein Kyaw

SHARE