အလုပ်မှာ အမြဲပြုံးပြနေရသူတွေဟာ အရက်ပိုသောက်လေ့ရှိကြောင်း စစ်တမ်းတွေကဖော်ပြ

istock_unsplash

အများပြည်သူရှေ့မှာ ဒါမှမဟုတ် ကာစတန်မာတွေရှေ့မှာ အလွန်အကျွံပြုံးပြနေရတဲ့ အလုပ်သမားတွေဟာ အလုပ်ချိန်ပြင်ပမှာ အရက် အလွန်အကျွံသောက်မိနိုင်ချေပိုများတယ်လို့ အမေရိကန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုမှာဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံ၊ ပင်ဆဲလ်ဗေးနီးယားပြည်နယ်က ဘတ်ဖလိုတက္ကသိုလ်က ဦးဆောင်ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာ အခုလိုဖော်ပြထားတာဖြစ်ကြောင်း FoxNews သတင်းဌာနက ဖော်ပြခဲ့တာပါ။

စစ်တမ်းထဲမှာ သူနာပြုတွေ၊ ဆရာမတွေ၊ စားသောက်ဆိုင်က စားပွဲထိုးတွေ၊ ဧည့်ကြိုတွေ စတဲ့ အများပြည်သူရှေ့ ဒါမှမဟုတ် ကာစတန်မာ တွေကို ပြုံးပြရတဲ့ အလုပ်မျိုးကို လုပ်ကိုင်သူတွေပါဝင်ပြီး အလုပ်သမားပေါင်း (၁၅၀၀)ကျော်ကို အင်တာဗျူးပြီးတော့ စစ်တမ်းကောက်ခဲ့တာပါ။

Cia12/unsplash

အင်တာဗျူးတွေမှာ အလုပ်သမားတွေကို သူတို့ရဲ့ ခံစားချက်တွေကို မျိုသိပ်ပြီး ဘယ်လောက်ပြုံးထားရတယ်ဆိုတာနဲ့ အလုပ်ပြီးရင် စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ ဘယ်လောက်သောက်ဖြစ်သလဲဆိုတာကို အဓိကထားပြီး မေးခဲ့တယ်လို့ သိရပါတယ်။

တွေ့ရှိချက်တွေအရတော့ အလုပ်ထဲမှာ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ရလွန်းသူတွေဟာ အရက်သောက်ချိန်မှာ စိတ်ကိုထိန်းနိုင်စွမ်း မရှိကြဘဲ အလွန်အကျွံသောက်မိကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ စိတ်ခံစားချက်ကိုထိန်းချုပ်ရတဲ့သူချင်းအတူတူ ငွေကြေးပိုင်းဆိုင်ရာ အာမခံမှုရှိတဲ့ အခြေအနေ (ငွေပိုရတဲ့ အခြေအနေ) ဒါမှမဟုတ် ဖောက်သည်နဲ့ ယုံကြည်ရတဲ့ဆက်ဆံမှု တည်ဆောက်နိုင်တဲ့အခြေအနေတွေ မှာတော့ ဒီလိုဖြစ်ရပ်မျိုးသိပ်မရှိဘဲ အလုပ်သာလုပ်နေရပေမဲ့ တက်လမ်းမရှိဘူးလို့ ခံစားနေရသူတွေ၊ အလုပ်တွင်းမှာ နိမ့်ချဆက်ဆံမှုတွေကို ခံနေရတဲ့သူတွေမှာ ဒီလိုအဖြစ်မျိုး ပိုပြီဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

KYM

SHARE