လူသားတွေဟာ သတ္တလောကအတွက် အန္တရာယ်ဖြစ်နေပြီလားဆိုတာ သိသာစေတဲ့မြင်ကွင်း

twitter/AnkitKumar_IFS, twitter/LifeOfRealArt, twitter/Harikrishnan S

ရှားပါးသတ္တ၀ါစာရင်းဝင်နေပြီဖြစ်တဲ့ Olive Ridley ပင်လယ်လိပ်တွေဟာ နှစ်စဉ်နှစ်တိုင်း အိန္ဒိယကမ်းရိုးတန်းတွေဆီလာပြီး လိပ်ဥတွေ ဥချလေ့ရှိပါတယ်။ လိပ်မကြီးတွေဟာ သူတို့ပုံမှန် ဥချမယ့် အချိန်ရောက်ပြီဆိုတာနဲ့ သူတို့လာနေကြ ကမ်းခြေတွေက သဲသောင်ပြင်တွေအောက်မှာ ဥချသွားလေ့ရှိပါတယ်။ အိန္ဒိယက Odisha ကမ်းရိုးတန်းကတော့ လိပ်မကြီးတွေ အကြိုက်တွေ့တဲ့နေရာဖြစ်သလို လိပ်တွေ ထောင်သောင်းမက ဥလာချတဲ့နေရာဖြစ်ပါတယ်။

ဒါပေမဲ့ ကမ်းရိုးတန်းဟာ လူသားတွေရဲ့ လိပ်ဥတွေကို ရယူဖျက်ဆီးမှုကြောင့်နဲ့ ကမ်းခြေမှာ အမှိုက်တွေများလာတာကြောင့် ၂၀၁၉ ခုနှစ်ထဲကစလို့ Olive Ridley ပင်လယ်လိပ်မကြီးတွေ သိပ်မလာကြတော့ပါဘူး။ ထူးဆန်းတာက အခု ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီး လူတွေ အိမ်ထဲက အိမ်ပြင်မထွက်ပဲ နေတဲ့အခါကျမှ Odisha ကမ်းရိုးတန်းက Gahirmatha ကမ်းခြေနဲ့ Rushikulya ကမ်းခြေ ကျောက်ဆောင်တွေကြားမှာ စုစုပေါင်း Olive Ridley ပင်လယ်လိပ် (၈) သိန်းကျော်ဟာ ဥလာချကြကြောင်း သိရပါတယ်။

ရှားပါးပင်လယ်လိပ်ကြီးတွေဟာ ၄င်းနေရာတွေမှာ အသိုက်လုပ်ဖို့ကျင်းတွေတူး၊ ဥတွေဥချနဲ့ သူတို့ကို အနှောင့်အယှက်ပေးမယ့် ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေလည်း မရှိတာကြောင့် အေးအေးဆေးဆေး ဖြစ်နေကြတာပါ။

သစ်တောဌာနအရ ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့မနက်ပိုင်းအထိ ကမ်းရိုးတန်းတစ်လျှောက် လိပ်မကြီးအကောင် (၂၇၈,၅၀၂) ကို တွေ့ရှိခဲ့ကြောင်း storypick အရ သိရပါတယ်။ ရှားပါးလိပ်စာရင်းဝင် Olive Ridley လိပ်မကြီးတွေကတော့ အကောင်ရေ (၇၂,၁၄၂) ခန့် ကမ်းခြေမှာ တွေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာတော့ လိပ်ဥလေးတွေကနေ လိပ်ကောင်ရေ သန်းနဲ့ချီပြီးပေါက်ဖို့ ယူဆရပါတယ်။

အရင်တုန်းကတော့ လိပ်ဥလေးတွေကနေ လိပ်လေးတွေပေါက်လာရင် လူတွေက လူစုလူဝေးနဲ့ ကြည့်ကြ၊ နှောင့်ယှက်ကြပါတယ်။ အခုတော့ လူတွေက အကုန်အိမ်ထဲမှာပဲနေနေလို့ လိပ်ကလေးတွေဟာ လုံခြုံစွာနဲ့ ကြီးပြင်းခွင့်ရတော့မှာ ဖြစ်ပါတယ်။ သစ်တောရေးရာအရာရှိတစ်ဦးဖြစ်သူ အာရှစ်ကူးမားကတော့ “ကောင်းတဲ့နှစ် ဆိုးတဲ့နှစ်တွေက တစ်လှည့်စီဖြစ်နေတာ။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၂) နှစ်အတွင်း ခုလို လိပ်မကြီးတွေက ဥချတဲ့အရေအတွက် သိသိသာသာများလာတာပဲ။ ဒီနှစ်တော့ Rushikulya ကမ်းခြေတစ်ခုထဲတင် လိပ်ကောင်ရေ (၄) သိန်းခွဲကျော်ကျော်တော့ အသိုက်လာဆောက်နေတာ ဖြစ်ပါတယ်။ ” လို့လည်း ပြောပြသွားခဲ့ပါတယ်။

လင်းလင်း (ShweMom)

SHARE