ရုပ်ရှင်နယ်ပယ်ရဲ့ ဝေဖန်မှုတွေကြောင့် ပြင်သစ်အော်စကာ ဘုတ်အဖွဲ့တစ်ခုလုံး နှုတ်ထွက်

Twitter/Courte

အော်စကာဆုနဲ့တူညီတဲ့ ပြင်သစ်ရုပ်ရှင် အကယ်ဒမီဆုပေးပွဲကြီးကိုတော့ လာမယ့် ဖေဖော်ဝါရီ (၂၈)ရက်နေ့မှာ ကျင်းပဖို့ ကနဦး သတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒါရိုက်တာ Roman Polanski ရဲ့ An Officer and a Spy ဇာတ်ကားက ကဏ္ဍ(၁၂)ခုလုံးရဲ့Nominationမှာ ဦးဆောင်နေခဲ့တဲ့အတွက် ရုပ်ရှင်နဲ့နီးစပ်တဲ့ နယ်ပယ်က ဘုတ်အဖွဲ့ရဲ့ရိုးသားမှုကို ဝေဖန်နေကြပါတယ်။

ဒါကြောင့်လည်း ပွဲကျင်းပဖို့ (၂)ပတ်လောက်အလို ဖေဖော်ဝါရီ (၁၃)ရက်မှာ Cesar Academy မှ အကယ်ဒမီဘုတ်အဖွဲ့ဝင်တွေအားလုံးက နှုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။ ဒီမတိုင်ခင်မှာ ရုပ်ရှင်နယ်ပယ်က မင်းသား၊ မင်းသမီး၊ ဒါရိုက်တာ၊ ထုတ်လုပ်ရေး စတဲ့လူပုဂ္ဂိုလ်(၂၀၀)ကျော်က Cesar Academy ဘုတ်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဖို့ ဖေဖော်ဝါရီ(၅)ရက်က အိတ်ဖွင့်စာ ပေးပို့ပြီး တောင်းဆိုခဲ့ပါတယ်။

 

 

Twitter/Spin

ဘုတ်အဖွဲ့ဝင်တွေကတော့ ထည့်သွင်းကျင်းပမယ့် ကဏ္ဍ(၁၂)ရပ်စလုံးမှာါရိုက်တာ Roman Polanski ရဲ့ An Officer and a Spy ဇာတ်ကားကို တညီတညွတ်တည်း ရွေးချယ်ခဲ့ကြပြီး၊ သူတို့က “ (၁.၅)သန်းသော ပြင်သစ်ပြည်သူတွေက Polanski ရဲ့ ဇာတ်ကားကို ကြည့်ချင်ကြပါတယ် … သူတို့ကို မေးကြည့်ပါ”ဆိုပြီး တုန့်ပြန်ခဲ့ပါတယ်။

READ
အိမ်မွေးခွေးလေးရဲ့ ကောင်းမှုကြောင့် ၀ူဟန်မြို့သွားခွင့်နဲ့ လွဲချော်ခဲ့တဲ့ အမျိုးသမီး

တကယ်တော့ Polanski ဟာ (၁၉၇၈)ခုနှစ်ကတည်း အမေရိကန်မှာ အသက်(၁၃)နှစ်အရွယ် ကောင်မလေးကို အဓမ္မကျင့်မှုအတွက် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး၊ ဟောလိဝုဒ်မှာတော့ သူဖန်တီးသမျှ ဇာတ်ကားတွေက ဘောင်မဝင်ခဲ့ပါဘူး။ ဒါပေမယ့် အနုပညာဖန်တီးမှုက အနုပညာဖန်တီးမှုသာဖြစ်ကြောင်း ဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

ဘုတ်အဖွဲ့ရဲ့ကြေညာချက်မှာ “ ၂၀၁၉ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဇာတ်ကားတွေကို ဖန်တီးခဲ့ကြသူ အမျိုးသားအမျိုးသမီးတွေကို ဆုချီးမြှင့်ရန်၊ အေးဆေးတည်ငြိမ်စွာဖြင့် ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေးအတွက် ဆက်လက်တည်ရှိစေရန်အတွက် ဘုတ်အဖွဲ့တစ်ခုလုံးက တညီတညွတ်တည်း နှုတ်ထွက်ကြောင်း ကြေညာပါသည် ”ဆိုပြီး ထည့်သွင်းထားပါတယ်။

အဆိုပါ ကြေညာချက်မှာ “ အခုထုတ်ပြန်လိုက်တဲ့ စုပေါင်းဆုံးဖြတ်ချက်ဟာ ဘုတ်အဖွဲ့အသစ်ပြန်လည်ဖွဲ့စည်းခြင်းကို အဆင်ချောမွေ့စေပါလိမ့်မယ် ”ဆိုပြီး ပါဝင်ပါသေးတယ်။ အသစ်ကြားသိရတဲ့ သတင်းတွေအရ ဆုပေးပွဲအပြီးမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဘုတ်အဖွဲ့ဝင်အသစ်တွေ ခန့်အပ်ဖို့အတွက် အထွေထွေအစည်းအဝေးတစ်ခု ပြုလုပ်ဖွယ်ရာ ရှိနေပါတယ်။

အကယ်ဒမီဘုတ်အဖွဲ့ဟာ သူတို့ရဲ့အဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးအဖွဲ့ဝင်ဦးရေနဲ့ ကိုယ်စားလှယ်တွေ မြင့်တင်ရေးအတွက်ကို မကြာသေးခင်က ကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် မရှေးမနှောင်းမှာပဲ Roman Polanski ရဲ့ An Officer and a Spy ဇာတ်ကား အကယ်ဒမီအမည်စာရင်းမှာ ဦးဆောင်နေခြင်းအပေါ် အမျိုးသမီးအခွင့်ရေး လှုပ်ရှားသူတွေနဲ့၊ ကျား-မတန်းတူညီမျှရေးဝန်ကြီးဌာန ဝန်ကြီးတို့က ဝေဖန်ထိုးနှက်မှုတွေ ရှိခဲ့ပါတယ်။

 

ပြင်သစ်မဟာမဝါဒီ လှုပ်ရှားသူတွေကလည်း Polanski ရဲ့ဇာတ်ကားကို အကယ်ဒမီစာရင်းကနေ ပယ်ဖျက်ဖို့အတွက် ပြင်သစ်ပြည်သူတွေက လက်မှတ်ထိုးတောင်းဆိုကြဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အကယ်ဒမီဆုချီးမြှင့်ပွဲကျင်းပမယ့် Paris’s Salle Pleyel ခန်းမအပြင်ဘက်မှာလည်း အမျိုးသမီးထုကြီး စုရုံးပြီး သပိတ်မှောက်ကြဖို့ လှုံ့ဆော်မှုတွေ ရှိခဲ့ပါတယ်။

လင်းဇော်ကို

SHARE