အားကစားသမားကောင်းတို့ရဲ့ စိတ်ဓာတ်ကိုမြင်ရတဲ့ ဆီးဂိမ်းပြိုင်ပွဲထဲက ဖြစ်ရပ်တစ်ခု

အားကစားစိတ်ဓာတ်ကောင်းရှိတယ်ဆိုတာ အနိုင်ရရှိဖို့ ကြိုးစားရုံတင်မကပဲ ရှုံးနိမ့်တဲ့အခါမှာလည်း အရှုံးကိုလက်ခံပြီး ဇွဲမလျော့ပဲ ထပ်မံကြိုးစားတာဖြစ်ပါတယ်။ အခုအခါမှာတော့ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၀၁၅)ခုနှစ် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရတဲ့ ဖိလစ်ပိုင်လူမျိုး ဒိုင်ဗင်သမားနှစ်ဦးရဲ့ အကြောင်းကို ဖော်ပြလိုက်ပါတယ်။ (၂၀၁၅)ခုနှစ် ဇွန်လ(၁၀)ရက်တုန်းက ဂျွန်အယ်လ်မာဆန်-ဖာဘရီဂါနဲ့ ဂျွန်ဒေးဗစ်-ပါဟိုရိုတို့ဟာ (၃)မီတာ အမြင့်ကနေ ရေထဲဒိုင်ဗင်ထိုးချရတဲ့ ရေကူးဒိုင်ဗင်အားကစားပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်ရပါတယ်။ အဲဒီအချိန်တုန်းကတော့ ဖာဘရီဂါဟာ (၂၁)နှစ်နဲ့ ပါဟိုရိုက (၁၇)နှစ်ပါ။

သူတို့နှစ်ဦးရဲ့ ရေထဲဒိုင်ဗင်ထိုးပြကွက်တွေဟာ မအောင်မြင်ခဲ့တဲ့အပြင် ရေထဲကို ကိုးရိုးကားယားကျတာကြောင့် သုညမှတ်နဲ့ အရှုံးသာရရှိခဲ့ပါတယ်။ ဒိုင်ဗင်ထိုးကွက်တွေဟာ မအောင်မြင်တဲ့အပြင် နှစ်ဦးစလုံးရဲ့ မျက်နှာအမူအရာကလည်း ရယ်စရာဖြစ်နေတာကြောင့် အွန်လိုင်းပေါ်မှာတော့ သူတို့ရဲ့ ဗီဒီယိုဖိုင်ဟာ အကြိမ်ပေါင်း (၁.၆) သန်းခန့်ကြည့်ရှုခံခဲ့ရပါတယ်။

လူပုံအလယ်မှာ ရုပ်ပျက်ဆင်းပျက်နဲ့ ရေထဲပြုတ်ကျခဲ့ပေမယ့် ဖာဘရီဂါကတော့ “ကျွန်တော်တော့ ကိုယ့်ကိုကိုယ်ကြည့်ရင်း ပြန်ရယ်မိတယ်။ ဒါပေမယ့်လည်း ဆီးဂိမ်းထဲမှာ ပါဝင်ရတဲ့အတွက်တော့ ဂုဏ်ယူပါတယ်။ လူတိုင်းက ကိုယ့်နိုင်ငံဂုဏ်ဆောင်ပြီး အခုလို ပြိုင်ပွဲဝင်ခွင့်မရကြဘူးလေ။” လို့ဆိုပါတယ်။

READ
မြန်မာနိုင်ငံသားမှန်လျှင် မမေ့ထိုက်သော အမျိုးသားနေ့ရဲ့ သမိုင်းကြောင်း 

သူတို့ရဲ့ ဒိုင်ဗင်ပြကွက်နဲ့ ပတ်သက်လို့ မီဒီယာတွေက အမျိုးမျိုးလှောင်ပြောင်ခဲ့ပါတယ်။ ဒါပေမယ့် ဖာဘရီဂါနဲ့ ပါဟိုရိုက စိတ်ဓာတ်မကျခဲ့ပါဘူး။ နောက်ထပ် နှစ်ရက်အကြာ ပြိုင်ပွဲထပ်ယှဉ်ပြိုင်ရတဲ့အခါမှာတော့ နှစ်ဦးဟာ အတွဲညီညီနဲ့ အကောင်းဆုံး ဒိုင်ဗင်ထိုးပြကွက်တွေကို လုပ်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မီဒီယာတွေကြောင့် ပထမအကြိမ်တုန်းက မှားခဲ့တဲ့ အမှားကိုတော့ ပြန်အဖတ်ဆယ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘာပဲပြောပြော ဖာဘရီဂါနဲ့ ပါဟိုရိုဟာ အရှုံးနဲ့ တွေ့ကြုံခဲ့ပေမယ့် ပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ စိတ်ထားကတော့ အားကစားသမားကောင်းတွေမှာ ရှိသင့်တဲ့ စိတ်ဓာတ်ဖြစ်တာကြောင့် ဂုဏ်ယူဖွယ်ပါပဲ။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE