Relationshipတစ်ခုတည်တံ့အောင် မဖြစ်မနေသိထားသင့်တဲ့ လျှို့ဝှက်ချက်များ

ချစ်သူစုံတွဲတွေကြားမှာ ရှေ့သွားနောက်လိုက်တူနှစ်ကိုယ်လိုက်ဖက်တယ်ဆိုပေမယ့် လုံးဝပြီးပြည့်စုံနေတာမျိုးတော့မရှိပါဘူး။အဓိကအရေးကြီးတာကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ခိုင်မာတဲ့relationshipတစ်ခုဖြစ်အောင်တည်ဆောက်သွားဖို့ပါပဲ။အဲဒီလိုရေရှည်ဆက်ဆံရေးတည်ဆောက်နိုင်ဖို့သတိပြုသင့်တဲ့လျှို့ဝှက်ချက်လေးတွေလည်းရှိပါတယ်။ဒီလျှို့ဝှက်ချက်လေး တွေကိုလိမ်မာပါးနပ်စွာသတိပြုနိုင်မှ တစ်ယောက်နဲ့တစ်ယောက် နားလည်ခွင့်လွှတ်ပေးနိုင်ပြီးရှေ့ဆက်အနာဂတ်ခရီးကို အတူတကွလျှောက်လှမ်းနိုင်ကြမှာပါ။

ပဋိပက္ခတွေကို သာမန်မျှလက်ခံပါ

တခါတလေ ချစ်သူစုံတွဲတွေကြားမှာ အရေးသိပ်မကြီးတဲ့ အသေးအဖွဲပြဿနာလေးတွေကို အရေးတယူပုံကြီးချဲ့ရာကနေ လမ်းခွဲပြတ်စဲတဲ့အထိဖြစ်ကြရပါတယ်။ဘယ်ကိစ္စမဆိုရလဒ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေဖြေရှင်းစရာနည်းလမ်းတစ်ခုကတော့ရှိစမြဲပါပဲ။ဒါကြောင့်တော်ရုံသဘောထားမတိုက်ဆိုင်မှုလောက်ကိုအသေးအဖွဲသာမန်သဘောအဖြစ်တစ်ယောက်နဲ့တစ်ယောက်ခွင့်လွှတ်နားလည်ပေးဖို့လိုအပ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ရင့်ကျက်အောင်ပျိုးထောင်ပါ

ချစ်သူနှစ်ယောက်လုံးကကိုယ်စီရင့်ကျက်အောင်ကြိုးစားကြမယ်ဆိုရင် တော်ရုံအခက်အခဲလောက်ကိုလည်းတစ်ယောက်နဲ့တစ်ယောက်ငြင်းခုံတာမျိုးလုပ်မိတော့မှာမဟုတ်ပါဘူး။အကောင်းဆုံးအဖြေကိုရဖို့ပဲ နှစ်ယောက်တိုင်ပင်ဆွေးနွေးဖို့လိုအပ်တယ်ဆိုတာသူတို့အလိုလိုနားလည်ကြလို့ပါပဲ။

ကိုယ့်လိုအပ်ချက်ကို ဂရုစိုက်ပါ

ဒီအချက်ရဲ့ဆိုလိုရင်းကတော့တစ်ယောက်နဲ့တစ်ယောက်အတ္တကိုရှေ့တန်းတင်ပြီးတကိုယ်ကောင်းဆန်ဖို့ဆိုလိုတာမဟုတ်ပါဘူး။ကိုယ်ဘာလိုချင်တယ်ဆိုတာကိုယ့်ရဲ့လက်တွဲဖော်ကိုပွင့်ပွင့်လင်းလင်းအသိပေးနိုင်ဖို့ပါ။တခါတလေကိုယ်ဖြစ်ချင်တာနဲ့သူဖြစ်ချင်တာကတစ်ထပ်တည်းကျမနေတတ်ပါဘူး။အဲဒီအခါတစ်ယောက်နဲ့တစ်ယောက်လိုချင်တာကိုမျှတတဲ့အပေးအယူနဲ့ဆွေးနွေးညှိနှိုင်းဖို့လိုပါတယ်။

အဆိုးတွေကိုဘယ်တော့မှပြန်အစမဖော်ပါနဲ့

တခါတလေအဆင်မပြေတာတွေများလာတဲ့ချစ်သူစုံတွဲတွေကြားမှာချစ်တဲ့မျက်လုံးနဲ့လည်းမကြည့်နိုင်ကြတော့ပါဘူး။ငါကတော့ဘယ်တုန်းကဘယ်လိုလုပ်ပေးခဲ့ရတာ။သူကတော့ဘယ်တုန်းကဘယ်လိုနေခဲ့တာစသဖြင့်တစ်ယောက်အားနည်းချက်ကို တစ်ယောက်ကအသားစီးရယူပြီး မကောင်းနိုင်တဲ့ခံစားချက်တွေကိုပြန်လည်အစဖော်တာမျိုးမလုပ်သင့်ပါဘူး။

လက်တွေ့ဆန်မှုနဲ့စိတ်ရှည်သည်းခံပါ

ချစ်သူစုံတွဲအနေနဲ့အနာဂတ်အိပ်မက်တွေကိုအကောင်အထည်ဖော်တဲ့အခါတစ်ယောက်နဲ့တစ်ယောက်စိတ်ရှည်သည်းခံပေးဖို့လိုပါတယ်။ဒါပေမယ့်ကြိုးစားနေတယ်ဆိုတဲ့အခြေအနေဟာပါးစပ်အပြောနဲ့မဟုတ်ဘဲလက်တွေ့ကျဖို့တော့လိုပါတယ်။ဒါမှ ပေးဆပ်ခဲ့ရတဲ့ စိတ်ရှည်သည်းခံမှု၊နားလည်ပေးမှုတွေအတွက် သေချာတဲ့ရလဒ်ကိုမျှော်လင့်နိုင်မှာပါ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:mindbodygreen.com

SHARE