(၁၀-၅-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Peter Dejong)

စပါး – ချန်ပီယံလိဂ်ဖိုင်နယ်အထိ ရောက်ရှိခဲ့ပြီဖြစ်တဲ့ စပါးအသင်းဟာ သူတို့ရဲ့နည်းပြကို ဆုံးရှုံးရမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။ ပိုချက်တီနိုက စပါးအသင်း ချန်ပီယံလိဂ်မှာသာဗိုလ်စွဲခဲ့ရင် အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း အတည်ပြုခဲ့ရာ အခု အဲဒီအတည်ပြုချက် တကယ်ဖြစ်လာမှာကို စပါးက စိုးရိမ်နေတာပါ။ ဒီလိုပဲ ပိုချက်တီနိုကို သတင်းထောက်က ထပ်ပြီး မေးမြန်းခဲ့ရာမှာတော့ ပိုချက်တီနိုက “ ကျွန်တော်က နောက်ပြောင်ပြီး ပြောတတ်တဲ့လူ မဟုတ်ပါဘူး”လို့ တုန့်ပြန်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် စပါးက သူ့ကို လုပ်ခလစာတိုးပြီး၊ တစ်ခြားမက်လုံးတွေ ထပ်ပေါင်းကာ ကမ်းလှမ်းဖို့ ရှိနေပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေ ကာမိစေဖို့ အသင်းမှာ အံမဝင်ဖြစ်နေတဲ့ ကော်တင်ဟိုကို ယခုနွေရာသီအပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ ရှိနေပါတယ်။ ကော်တင်ဟိုကို ရောင်းလိုက်ခြင်းအားဖြင့် တစ်နှစ်အသုံးစားရိတ် ယူရို(၂၅)သန်းကို လျှော့ချနိုင်မှာဖြစ်ပြီး၊ တစ်ခြားကစားသမားတွေကို ခေါ်ယူဖို့ လုံလောက်တဲ့ ငွေကြေးလည်း ထွက်လာမှာပါ။

ဂရစ်ဇ်မန်း – ဘာစီလိုနာအသင်းဟာ အေတီကိုကွင်းလယ်တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီအကြောင်းကို Le Parisien သတင်းစာက ဖော်ပြထားတာဖြစ်ပါတယ်။

ဇွန်လ (၃၀)မတိုင်ခင် ခေါ်ယူပါက စာချုပ်ပါလျှော်ကြေး ယူရိုသန်း(၂၀၀)ဖြစ်ပြီး၊ အဲဒီနောက်မှ ခေါ်မယ်ဆိုပါက လျှော်ကြေးဟာ ယူရိုသန်း (၁၂၀)သာ ရှိတော့မှာပါ။ ဒါပေမယ့် ဘာစီလိုနာက ဇွန်(၃၀)နောက်ပိုင်းအထိ စောင့်ဆိုင်းလိုခြင်းမရှိဘဲ၊ ကစားသမားကို ကမ်းလှမ်းမှုတွေ စတင်ဖို့ ရှိနေပါတယ်။

Evening Standard

ပီတာချက် – အာဆင်နယ်ရဲ့ ဝါရင့်ဂိုးသမားကြီး ပီတာချက်ဟာ ယူရိုပါလိဂ်ဖိုင်နယ်မှာ ဆုံတွေ့နေတဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ပွဲပြီးရင် ကစားသမားဘဝက အနားယူဖို့ ရှိနေပါတယ်။ သူ့အတွက် အဲဒီပွဲဟာ အမှတ်ရစရာ ဖြစ်လာမှာဖြစ်ကြောင်း၊ အမှတ်ရစရာများစွာနဲ့ ကစားသမားဘဝ ပြီးဆုံးခြင်းလို့တောင် ပြောလို့ရမယ်လို့ ဆိုပါတယ်။

မန်ယူ – မန်ယူအသင်းဟာ ဆွမ်ဆီးတောင်ပံကစားသမား ဒန်နီယယ်ဂျိမ်းစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မန်ယူဟာ ဂျိမ်းစ်အတွက် ယူရို(၁၇)သန်းအထိ အသုံးပြုရဖွယ်ရှိနေပါတယ်။ ဂျိမ်းစ်ဟာ အသက်(၂၁)နှစ်သာ ရှိသေးပြီး၊ လက်ရှိအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေပါတယ်။

(AP Photo/Joan Monfort)

ဖိအားတွေနဲ့ ဗယ်ဗာဒီ – ဘာစီလိုနာအသင်းနည်းပြ ဗယ်ဗာဒီဟာ လက်ရှိအချိန်မှာ ဖိအားတွနဲ့ရင်ဆိုင်နေရပါတယ်။ ဘာစီလိုနာဟာ လီဗာပူးကို အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက်၊ လက်တစ်ကမ်းအကွာက ချန်ပီယံလိဂ်ဖလားကြီးကို လက်လွှတ်ခဲ့ရပါတယ်။ ဗယ်ဗာဒီဟာ အသင်းနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကမှ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်သော်လည်း ဥရောပ အောင်မြင်မှု မရခဲ့လို့ အသင်းကနေ ထုတ်ပယ်ခံရဖို့ရှိနေပါတယ်။

ဇာဗီအလွန်ဆို – စပိန်၊ လီဗာပူး၊ ရီးယဲလ်အသင်းတို့ရဲ့ ဂန္ထဝင်ကစားသမားကြီး ဇာဗီအလွန်ဆိုဟာ အခုဆိုရင် ရီးယဲလ်လူငယ်နည်းပြရာထူးကနေ နှုတ်ထွက်ဖို့ရှိနေကြောင်း သိရပါတယ်။ သူဟာ ရီးယဲလ်ဆိုစီဒက်အသင်း အကယ်ဒမီမှ နည်းပြအဖြစ် ကမ်းလှမ်းခံထားရကြောင်း သိရပါတယ်။

ဟာဇက်ဒ် – သတင်းထောက်က ရီးယဲလ်နဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့ကိစ္စ မေးမြန်းရာမှာ ဟာဇက်ဒ်က “ တကယ်လို့ ယူရိုပါလိဂ်ဖိုင်နယ်က ကျွန်တော့်အနေနဲ့ ချယ်လ်ဆီးအတွက် နောက်ဆုံးပွဲဖြစ်လာရင်တောင် … ကျွန်တော်က ကြိုးစားပြီး အသင်းရလဒ်ကောင်းရေး ပံ့ပိုးကူညီသွားမှာပါ ”လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

လင်းဇော်ကို (Shwemom)

READ
ဒီတောင်ကို ဘယ်လ်ဂျီယံ ကျော်နိုင်ပါ့ဦးမလား….။

Source : metro.co.uk/ thesun.co.uk/ marca.com/ goal.com/ mirror.co.uk

SHARE