၁၆-၁၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းနောက်ခံကစားသမားဟောင်း ပေါလ်ပါကား က မန်ယူအသင်းအနေနဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာကိုရောင်းချပြီး တိုက်စစ်မှူး မန်ဇူကစ် ကို ခေါ်ယူသင့်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ပါကား က မန်ယူအသင်းကနေ ထွက်ခွာချင်နေတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ ရဲ့ အနေအထားနဲ့ ပတ်သက်လို့ ဝေဖန်သွားခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာ ကိုရောင်းချကာ မန်ဇူကစ်လို အတွေ့အကြုံများတဲ့ တိုက်စစ်မှူးမျိုးကိုခေါ်ယူတာက အသင်းအတွက် ပိုမိုအလုပ်ဖြစ်လိမ့်မယ်လို့ ဆိုလိုက်တာပါ။

ချယ်လ်ဆီး ။     ။ ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူခွင့် ရရှိနေပြီဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ပြင်သစ်ကလပ် ဘော်ဒိုးအသင်းတိုက်စစ်မှူးလေး မာဂျာ ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ တယ်လီဂရပ် က ဖော်ပြပါတယ်။ အသက် (၂၀)အရွယ် တိုက်စစ်မှူးလေးဟာ ဒီရာသီမှာ ဘော်ဒိုးအသင်းအတွက် (၁၆)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး (၅)ဂိုး သွင်းယူထားနိုင်ခဲ့တာပါ။

 

ဗန်ဘွန်မဲလ် ။    ။ PSV အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမားဟောင်း ဗန်ဘွန်မဲလ်ဟာ ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈-၁၉) ဘောလုံးရာသီမှာ PSV အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဘွန်မဲလ် ဟာ လက်ရှိမှာ အမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ရပ်တည်နေပြီး ချန်ပီယံဆုကို စိန်ခေါ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေရောက်သွားခဲ့တာမို့ အသင်းတာဝန်ရှိသူတွေက နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ကာဗာနီ ။        ။ PSG အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ အက်သလက်တီကို အသင်းလည်း ပါဝင်လာခဲ့ပြီလို့ Don Balon က ဖော်ပြပါတယ်။ အသက် (၃၃)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီကုန်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမှာဖြစ်ပေမယ့် အက်သလက် အသင်းကတော့ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာတင်ပဲ ခေါ်ယူဖို့ ကြိုးစားသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

တူချယ် ။         ။ PSG အသင်း အားကစားဒါရိုက်တာ လီယိုနာဒို က အသင်းနည်းပြ တူချယ်ကို အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းခြင်းမပြုကြဖို့ မီဒီယာတွေကို အသိပေးလိုက်ပါတယ်။ စိန့်အက်တီနီ အသင်းကို (၄-၀)နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ လီယိုနာဒို က ကလပ်အသင်းအနေနဲ့ လာမယ့် အပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှု အနည်းငယ် ပြုလုပ်ဖို့ရှိနေပေမယ့်လည်း နည်းပြ တူချယ် ကတော့ ဒီအပြောင်းအရွှေ့လှုပ်ရှားမှုတွေမှာ ပါဝင်သွားမှာမဟုတ်ဘူးလို့ အသိပေးလိုက်တာပါ။

READ
၁-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE