၁၂-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဒီနေ့ည ရင်ဆိုင်ရမယ့် PSG အသင်းနဲ့ပွဲစဉ်အတွက် ယုံကြည်မှု အပြည့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းအတွက် တကယ့်စမ်းသပ်မှု အစစ်အမှန်ဟာ လက်ရှိအချိန်မှာ ရောက်ရှိလာခဲ့ပြီဖြစ်ပြီးအသင်းကစားသမားတွေ အနေနဲ့လည်း အကောင်းဆုံး ပုံစံတွေ ပြသကြဖို့ ဆိုးလ်ရှားက တိုက်တွန်းလိုက်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ကွင်းလယ်လူမာရှယ် နဲ့အတူ တက်ရောက်လာခဲ့တဲ့ ဆိုးလ်ရှားက မာရှယ်ဟာလည်း ဒီပွဲစဉ်အတွက် အရေးပါတဲ့ကစားသမား ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဒရက်စ်လာ ။    ။ PSG အသင်း တောင်ပံကစားသမား ဒရက်စ်လာ က PSG အသင်းကစားသမားတွေဟာ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို ရပ်တန့်နိုင်စွမ်းရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒရက်စ်လာ က မန်ယူအသင်းမှာ ကစားသမားကောင်းတွေရှိပြီး ကွင်းလယ်က ပေါ့ဂ်ဘာနဲ့ မာတစ် တို့ဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့တာပါ။ ဒရက်စ်လာ က PSG ကစားသမားတွေအနေနဲ့ ပေါ့ဂ်ဘာကို အဓိက ထိန်းချုပ်ဖို့ ကြိုးစားရမှာဖြစ်ပြီး ပေါ့ဂ်ဘာသာ ခြေစွမ်းမပြနိုင်ဘူးဆိုရင် မန်ယူရဲ့ ကစားကွက်လည်း ရပ်တန့်သွားလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Man United

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေထဲမှာ ဆာရီရဲ့နည်းစနစ်အတိုင်း လိုက်ပါကစားချင်တဲ့ ကစားသမားတွေနဲ့  မကစားချင်တဲ့ကစားသမားတွေဆိုပြီး အုပ်စု(၂)ခု ကွဲနေခဲ့တယ်လို့ Goal က ဖော်ပြပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဆာရီရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ပတ်သက်လို့ ကစားသမားအချို့က မေးခွန်းထုတ်ခဲ့ကြပြီး စီနီယာ ကစားသမားအချို့နဲ့ ဆာရီရဲ့ကြားမှာ ပြဿနာရှိနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ ဆာရီဟာ မန်စီးတီးအသင်းကို (၆-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့နည်းပြရာထူးအတွက် စိုးရိမ်နေရတဲ့အခြေအနေမှာရှိနေပြီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ရဲ့ဆုံးဖြတ်ချက်ကို စောင့်နေရတယ်လို့ သတင်းတွေ ထွက်နေခဲ့ပါတယ်။

READ
FAကွာတားမှာတွေ့မယ့် ချဲလ်ဆီးနဲ့ ပွဲအတွက် စိတ်ဓာတ်စစ်ဆင်ရေးစတင်လိုက်တဲ့ မော်ရင်ဟို
PA

ဘေးလ် ။        ။ ရီးယဲလ်အသင်းရဲ့တိုက်စစ်မှူး ဂါရက်ဘေးလ်ဟာ ဘောလုံးကစားပုံကောင်းပေမယ့် အသင်းဖော်တွေ၊ ပရိသတ်တွေ၊ မီဒီယာတွေနဲ့ ဆက်ဆံရာမှာ ဆိုးရွားတဲ့ ဆက်ဆံရေးရှိသူလို့ စပိန်မီဒီယာတွေက ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။ အက်သလက်အသင်းကို (၁-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ (၁၀၀)မြောက်သွင်းဂိုးကို သွင်းယူခဲ့တဲ့ ဘေးလ် ကို စပိန်သတင်းစာတွေက “Mr Glass” လို့ ခေါင်းစဉ်တပ်ခဲ့ကြပြီး လူမှုဆက်ဆံရေးမှာ ညံ့ဖျင်းတဲ့သူလို့ ရေးသားခဲ့ကြတာပါ။ ဘေးလ်ဟာ ရီးယဲလ်နည်းပြအဆက်ဆက်ဖြစ်တဲ့ မော်ရင်ဟို ၊ ဇီဒန်း ၊ ဆိုလာရီ တို့နဲ့ ပုံမှန်ထက်နိမ့်ပါးတဲ့ ဆက်ဆံရေးမျိုးသာ ရှိပြီး သူ့ရဲ့ကစားပုံကိုဝေဖန်ရင်လည်း ဆိုးရွားတဲ့ တုန့်ပြန်မှုမျိုးကို ပြသတတ်တယ်လို့ သတင်းစာတွေက ရေးသားခဲ့ကြပါတယ်။

AFP

ဒိုင်ဘာလာ ။    ။ ဂျူဗင်တပ်စ်အသင်းမှာ နေရာမရဖြစ်နေတဲ့ တိုက်စစ်မှူး ဒိုင်ဘာလာ ကို ရီးယဲလ်အသင်းခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ TheSun က ဖော်ပြပါတယ်။ မန်ယူ၊ ချယ်လ်ဆီးတို့က အလိုရှိနေတဲ့ တိုက်စစ်မှူးကို ရီးယဲလ်က လက်ဦးမှု ရယူဖို့ အနီးစပ်ဆုံးဖြစ်နေပြီး ပေါင် (၁၀၅)သန်းနဲ့ ကမ်းလှမ်းဖို့ ရီးယဲလ်ဥက္ကဌ ပီရက်ဇ်က စီစဉ်နေတာပါ။ ဒိုင်ဘာလာ ကိုယ်တိုင်ကလည်း လက်ရှိအနေအထားအတိုင်း ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့မယ်ဆိုရင် အသင်းကနေ ထွက်ခွာသွားလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

READ
ထောင့်ကန်ဘောကနေတိုက်ရိုက်ကန်သွင်းခဲ့တဲ့ အလှဆုံးဂိုး(၁၀)ဂိုး

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြဖြစ်လာဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေတဲ့ လမ်းပတ်က သူ့အနေနဲ့ လက်ရှိမှာ ဒါဘီအသင်းအကြောင်းကိုပဲ စဉ်းစားနေကြောင်းနဲ့ ချယ်လ်ဆီးနည်းပြ ရာထူးဟာသူနဲ့ အလှမ်းဝေးလွန်းတယ်လို့ ထင်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရလဒ်ဆိုးတွေ ပိုင်ဆိုင်နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်လာဖို့ ဗြိတိန်လောင်းကစားဒိုင်တွေက လမ်းပတ်ကို လောင်းကြေးအမြင့်ဆုံး ဖွင့်ထားကြသလို ဒါဘီအသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေ ရရှိထားခြင်းကလည်း ချယ်လ်ဆီးနည်းပြ ရာထူးအတွက် အခွင့်အရေးရှိနေခဲ့တာပါ။ လမ်းပတ်ကတော့ သူ့အနေနဲ့ ချယ်လ်ဆီးအသင်း ရလဒ်တွေ မကြာခင် ပြန်ကောင်းလာစေဖို့သာ မျှော်လင့်တယ်လို့ ဆိုလိုက်ပါတယ်။

Linn

Source : TheSun , Goal , Dailymail

SHARE