၁၄-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / talksports

ရော်နယ်ဒို ။     ။ ရော်နယ်ဒိုရဲ့ငယ်ဘ၀ကလပ်အသင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းဟာ ရော်နယ်ဒိုရဲ့တစ်သက်တာ အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့အိမ်ကွင်း Estadio Jose Alvalade ကို ရော်နယ်ဒိုရဲ့နာမည်နဲ့ပြောင်းလဲသတ်မှတ်ဖို့ စီစဉ်နေပါပြီ။ ပေါ်တူဂီမှာတော့ ရော်နယ်ဒိုရဲ့ရုပ်တုတွေ၊ ရော်နယ်ဒိုရဲ့နာမည်ပေးထားခြင်းခံရတဲ့ လေဆိပ်တွေရှိနေခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ စပို့တင်းလစ္စဘွန်းဟာ သူတို့ရဲ့အိမ်ကွင်းကို ရော်နယ်ဒိုရဲ့အမည်နဲ့ ပြောင်းလဲသွားဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

အင်္ဂလန် ။       ။ ဘူလ်ဂေးရီးယားနဲ့ကစားမယ့် ပွဲစဉ်အတွက် နောက်ခံလူ (၃)ဦးအထိ အပြောင်းအလဲ ပြုလုပ်သွားဖို့ရှိတယ်လို့ အင်္ဂလန်နည်းပြဆောက်ဂိတ်က ဆိုလိုက်ပါတယ်။ ချက် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဒန်နီရို့စ် ၊ ထရစ်ပီယာနဲ့ မိုက်ကယ်ကိန်း တို့ကို လူစာရင်းကနေ ချန်လှပ်ထားဖို့ ဆောက်ဂိတ်က စီစဉ်နေခဲ့တာဖြစ်ပြီး ချင်းဝဲလ် ၊ အာနိုးနဲ့ တိုင်ရွန်းမင်းစ် တို့က ဒီကစားသမားတွေနေရာမှာ အစားဝင်ကစားရဖွယ်ရှိနေပါတယ်။

 

နေမာ ။ ။ ဘရာဇီးနဲ့နိုင်ဂျီးရီးယားအသင်းတို့ရဲ့ ခြေစမ်းပွဲမှာ ပွဲချိန် (၁၃)မိနစ်မှာတင် လူစားလဲခဲ့ရပေမယ့် နေမာက ဒဏ်ရာကြီးကြီးမားမားရမသွားဘူးလို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ PSG အသင်းရဲ့ ရာသီအစ ပွဲစဉ်တွေကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ နေမာ ဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ပြီး ကော်တင်ဟိုနဲ့ လူစားလဲခဲ့ရတာပါ။ ဒါပေမယ့် ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကတော့ နေမာရဲ့ဒဏ်ရာဟာ စိုးရိမ်စရာမရှိကြောင်းနဲ့ စွန့်စားပြီးအသုံးမပြုချင်တာကြောင့် လူစားလဲလိုက်ရခြင်းဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

ဖိုဒန် ။  ။ မန်စီးတီးအသင်းနည်းပြဟောင်း စတူးဝပ်ပီယာ့စ်က လူငယ်ကွင်းလယ်လူ ဖိုဒန်အနေနဲ့ မန်စီးတီးအသင်းမှာ ဆက်ရှိနေဖို့ထက် အသင်းပြောင်းလိုက်တာက အကောင်းဆုံးပဲဖြစ်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ မန်စီးတီးရဲ့လူငယ်ကြယ်ပွင့်ကစားသမားဟာ ရိုဒရီရောက်လာပြီးတဲ့နောက် ပွဲထွက်ခွင့်ပျောက်ဆုံးသွားခဲ့ပြီး သူ့အနေနဲ့ လာမယ့်ဇန်န၀ါရီမှာ အငှားနဲ့ထွက်ခွာကာ အတွေ့အကြုံသစ်ရှာဖွေတာက ပိုကောင်းလိမ့်မယ်လို့ ပီယာ့စ်က မှတ်ချက်ပေးသွားခဲ့တာပါ။

ရာနီရေရီ ။       ။ ဆမ်ဒိုးရီးယားအသင်းနည်းပြ ဖြစ်လာခဲ့တဲ့ ရာနီရေရီ က ဆမ်ဒိုးရီးယားအသင်းကို ရောက်ရှိလာခြင်းဟာ တန်းမဆင်းရအောင် ကူညီပေးဖို့ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အမှတ်ပေးဇယားအောက်ဆုံးကိုရောက်ရှိနေပြီး ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေခဲ့ရတာကြောင့် ဆမ်ဒိုးရီးယားအသင်းဟာ နည်းပြ ဖရန်ဆက်ကို ကို ထုတ်ပြီး ရာနီရေရီကို အစားထိုး ခန့်အပ်ခဲ့တာပါ။ လက်စတာအသင်းနဲ့အတူ ပရီးမီယားလိဂ်ဆုဖလား ရယူထားခဲ့တဲ့ နည်းပြဟောင်းကြီးဟာ (၂၀၂၁)ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ် ချုပ်ဆိုထားခဲ့ပြီး သူ့ရဲ့ဒီရာသီ ရည်မှန်းချက်က အသင်းကို တန်းမဆင်းရအောင် လုပ်ပေးဖို့ပဲလို့ ဖွင့်ဟသွားခဲ့ပါတယ်။

READ
၂၆-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal, Mirror

SHARE