(၁၄-၅-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဒီရော့စီ – ရိုးမားအသင်းမှာ (၁၈)နှစ်ကြာ ပေးဆပ်ခဲ့တဲ့ ကစားသမားကြီး ဒီရော့စီကတော့ အခုဘောလုံးရာသီကုန်ချိန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ ဒီရော့စီဟာ အသက်(၃၅)နှစ်ဆိုပေမယ့် ကစားသမားဘဝကနေ အနားယူမှာ မဟုတ်သေးဘဲ ဘောလုံးသမားအဖြစ် ဆက်ရှိနေဦးမှာပါ။

လမ်းပတ် – ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်တဲ့ လမ်းပတ်က ချယ်လ်ဆီးအနေနဲ့ အသင်းမှာ ဟာဇက်ဒ်မရှိတော့ဘူးဆိုရင်လည်း ဆက်ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။ ဟာဇက်ဒ်ဟာ အသင်းပြောင်းဖို့ ရီးယဲလ်နဲ့ ချိတ်ဆက်မှုတွေ ရှိနေကြောင်း သိရပါတယ်။

ဆန်းချက်ဇ် – မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရလို့ အသင်းပြောင်းဖို့ ပြင်ဆင်နေတဲ့ ဆန်းချက်ဇ်ဟာ အခုအခါမှာ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ဖြစ်နေပြီလို့ သိရပါတယ်။ ဆန်းချက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူဟာ ဥရောပအသင်းကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး ဂျူဗင်တပ်ကိုရောက်ဖို့ အလားအလာများနေပါတယ်။

Give Me Sport

အာဆင်နယ်-မန်ယူ  – လက်တလော ထွက်ပေါ်လာတဲ့သတင်းအရ မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း ချိုးဖောက်ခဲ့တယ်လို့ UEFA က သံသယရှိနေတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ခံနေရကြောင်း သိရပါတယ်။ တကယ်လို့ ဒီပြစ်မှုသာ ခိုင်မာတယ်ဆိုရင် မန်စီးတီးကို ဥရောပပွဲတွေမှာ ပိတ်ပင်သွားမှာပါ။

ဒီအခြေအနေဟာ အမှတ်ပေးဇယား အဆင့်(၅)(၆)မှာ ရာသီသိမ်းခဲ့တဲ့ အာဆင်နယ်၊ မန်ယူအတွက် အခြေအနေကောင်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ အာဆင်နယ်ကတော့ UEFA ဖလားမှာ ဗိုလ်ဆွဲရင် ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ရိုက် ရရှိမှာဖြစ်ပြီး၊

ဒီလိုဖြစ်မလာဘူးဆိုရင် Ban ခံရတဲ့ မန်စီးတီးနေရာကို ဝင်ရောက်နိုင်မှာပါ။ ဒီလိုပဲ အာဆင်နယ်က UEFA မှာ ဗိုလ်ဆွဲခဲ့တယ်ဆိုရင် မန်စီးတီးနေရာမှာ အစားထိုးခံရနိုင်တဲ့အသင်းက မန်ယူ ဖြစ်လာမယ်လို့ Mirror က ဖော်ပြထားပါတယ်။

DailyMail

ဖလက်ချာ – မန်ယူကစားသမားဟောင်း ဖလက်ချာဟာ အသစ်ပြန်လည်တည်ဆောက်မယ့် မန်ယူအသင်းမှာ နည်းစနစ်ဒါရိုက်တာအဖြစ် ထမ်းဆောင်ဖို့ ရေပန်းစားနေကြောင်း သိရပါတယ်။ ဖလက်ချာဟာ မန်ယူအသင်းနဲ့အတူ အောင်မြင်မှုတွေများစွာ ရယူခဲ့သူ ဖြစ်ပါတယ်။

ဟာဇက်ဒ် – ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်လူဖြစ်တဲ့ ဟာဇက်ဒ်ဟာ ရီးယဲလ်ကို ပေါင် (၈၆)သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။ ရီးယဲလ်ဟာ ဟာဇက်ကို အပြီးသတ်ခေါ်နိုင်ပြီဆိုတဲ့ ကြေညာမှုကို အာဆင်နယ်-ချယ်လ်ဆီး ယူရိုပါလိဂ်ဖိုင်နယ်အပြီးမှာ ကြေညာဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ ပြင်သစ်အခြေစိုက် d L’Equipe သတင်းစာဆီက ပျံ့နှံ့လာခဲ့တာဖြစ်ပြီး၊ နှစ်ဘက် အတည်ပြုချက်တော့ မထွက်ပေါ်သေးပါဘူး။

ပေါ့ဂ်ဘာ – မန်ယူအသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ပေါ့ဂ်ဘာဟာ ရီးယဲလ်အသင်းထံကို တစ်နှစ်လုပ်ခလစာ ပေါင် (၁၃)သန်းအထိပေးဖို့ တောင်းဆိုခဲ့တာကြောင့် နှစ်ဘက်သဘောတူညီမှုရရေး ကြန့်ကြာလျှက်ရှိနေတယ်လို့ သိရပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရ ရီးယ်လ်ဟာ ဟာဇက်ဒ်ကိုခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။

လင်းသူရိန် (Shwemom)

READ
လူကိုတောင် သေစေနိုင်တဲ့ ကမ္ဘာအစပ်ဆုံးငရုတ်သီး

Source : metro.co.uk/ marca.com/ lequipe.fr/ thesun.co.uk/ mirror.co.uk

SHARE