၁၄-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "SkySport"

ရော်ဘီဆာဗေ့ခ်ျ ။        ။ ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်ယူက လက်စတာ ကို (၂-၁)ဂိုးနဲ့ နိုင်လိမ့်မယ်လို့ ရော်ဘီဆာဗေ့ခ်ျက ခန့်မှန်းလိုက်ပြီး လီဗာပူးလ်က နယူးကာဆယ်ကို (၃-၀)၊ မန်စီးတီးက နောဝှစ်ခ်ျကို (၁-၄)ဂိုးတွေနဲ့ အသီးသီး အနိုင်ရရှိသွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဒါ့အပြင် အိမ်ကွင်းကစားပုံမာကျောတဲ့ ၀ုဗ်အသင်းကို ချယ်လ်ဆီးက အနိုင်ကစားသွားလိမ့်မယ်လို့ ဆာဗေ့ခ်ျက ခန့်မှန်းခဲ့ပြီး အာဆင်နယ်ကလည်း အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲရသွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဗယ်လ်ဗာဒီ ။    ။ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီ က ဘာစီလိုနာအသင်းအပေါ် မက်ဆီရဲ့ သစ္စာရှိမှုအပေါ် သံသယမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နေမာကို မခေါ်ယူနိုင်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းတာဝန်ရှိသူတွေနဲ့  မက်ဆီတို့အကြား တင်းမာမှုတွေရှိနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး မက်ဆီဟာ စာချုပ်အရ ဒီရာသီကုန်ဆုံးချိန်မှာ အသင်းကနေ အလွတ်ထွက်ခွာသွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ ဗယ်လ်ဗာဒီ ကတော့ မက်ဆီဟာ ဘာစီလိုနာအသင်းကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး ဘာစီလိုနာမှာ ကာလရှည်ဆက်ရှိနေဦးမယ်လို့  ယုံကြည်ကြောင်းပြောဆိုသွားခဲ့ပါတယ်။

 

လင်ဂတ် ။       ။ လက်စတာနဲ့ပွဲမှာ လင်ဂတ်တစ်ယောက် အဖျားရောဂါကြောင့် လွဲချော်နိုင်ချေရှိနေတဲ့အပေါ် ပရိသတ်တွေက ပျော်ရွှင်နေကြတယ်လို့ TheSun က  ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ (၂၉)ကစလို့  အသင်းအတွက် ဂိုးဖန်တီးမှု တစ်ကြိမ်မှ မလုပ်ပေးနိုင်ခဲ့တဲ့အပြင် ၊ (၂၀၁၉)ခုနှစ်အတွင်း သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ လင်ဂတ်ရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေက စိတ်ပျက်နေကြပြီး လင်ဂတ်တစ်ယောက် မပါနိုင်ဘူးဆိုတဲ့သတင်းက ပိုလို့ စိတ်ချမ်းသာစရာကောင်းကြောင်း ရေးသားခဲ့ကြတာပါ။

မော်ရင်ဟို ။     ။ မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က နည်းပြ မော်ရင်ဟိုဟာ အသင်းကစားသမားတွေရဲ့ခံစားချက်တွေအပေါ် နားလည်မှုမပေးနိုင်ခဲ့ကြောင်းနဲ့ အကြောင်းရင်းက မော်ရင်ဟိုဟာ ဘောလုံးသမားဘ၀ကို ဖြတ်သန်းလာသူမဟုတ်တာကြောင့်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်က မော်ရင်ဟိုနဲ့ ဆိုးလ်ရှားရဲ့အဓိက ကွာဟချက်က မော်ရင်ဟို ဟာ ဘောလုံးသမားတစ်ယောက်ရဲ့ဘ၀ကို မဖြတ်သန်းဖူးခဲ့တာပဲဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပြီး သူ့အနေနဲ့ ကစားသမားတွေရဲ့ခံစားချက်နဲ့ လိုအပ်ချက်တွေကို သိနိုင်စွမ်းမရှိခဲ့ဘူးလို့ဆိုလိုက်ပါတယ်။

ဇာဟာ ။         ။ ပဲလေ့စ်အသင်းတောင်ပံကစားသမား ဇာဟာ တစ်ယောက် အေးဂျင့်ဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီးတဲ့နောက် နာမည်ကျော် အေးဂျင့်တစ်ဦးဖြစ်တဲ့ ရိုင်အိုလာ နဲ့ ချိတ်ဆက်ဖို့ ကြိုးစားနေတယ်လို့ TheSun က ဖော်ပြပါတယ်။ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်တဲ့ ရိုင်အိုလာ ဟာ ဇာဟာ ကို သူ့ရဲ့ကစားသမားစာရင်းထဲ ထည့်သွင်းဖို့ ကြိုးစားနေပြီး ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
မြန်မာနဲ့ပွဲမှာ အောင်သူကို အထူးသတိထားဖို့ မလေးရှားအသင်းနည်းပြချုပ် သတိပေး

Linn

Source : TheSun , Mirror , Goal

SHARE