၁၆-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Metro

မော်ရင်ဟို ။       ။ ပိုချက်တီနိုရဲ့နေရာကို အစားထိုးဖို့အတွက် မော်ရင်ဟို ကို စပါးအသင်းဆက်သွယ်မှုတွေ စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါပြီ။ TheSun ရဲ့ဖော်ပြချက်အရ ပိုချက်တီနိုဟာ လာမယ့်ပွဲစဉ်တွေမှာသာ ရလဒ်တွေဆက်ပြီး ဆိုးရွားနေဦးမယ်ဆိုရင် အသင်းကနေ ထွက်ခွာသွားရနိုင်ပြီး မော်ရင်ဟို က စပါးဆီ ရောက်ရှိလာဖို့ ရှိနေတယ်လို့ သိရပါတယ်။ စပါးအသင်းဥက္ကဌ လီဗိုင်းအနေနဲ့ ပိုချက်တီနို ကို ထောက်ခံနေပေမယ့်လည်း ဘိုင်ယန်ကို (၇-၂)နဲ့ရှုံးခဲ့တဲ့ပွဲ၊ ဘရိုက်တန်ကို (၃-၀)နဲ့ရှုံးခဲ့တဲ့ ပွဲတွေကြောင့် ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားသွားဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

အယ်လီဂရီ ။      ။ ဂျူဗင်တပ်စ်အသင်းနည်းပြဟောင်း အယ်လီဂရီတစ်ယောက် မန်ယူအသင်းဆီရောက်ရှိလာဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိနေပြီလို့ Dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။ အယ်လီဂရီဟာ ဂျူဗင်တပ်စ်အသင်းမှာ လက်တွဲခဲ့တဲ့ အမ်မရီချန်နဲ့ မန်ဇူကစ်တို့ကို မန်ယူအသင်းဆီ ခေါ်ယူဖို့ပါ အစီအစဉ် ဆွဲထားခဲ့ပြီး တစ်နှစ်ကို ပေါင်(၆.၅)သန်းနဲ့ ပြောင်းရွှေ့လာဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

တာရက်ဘ် ။       ။ မနေ့ညက ကစားခဲ့တဲ့ မော်ရိုကိုအသင်းနဲ့ ဂါဘွန်အသင်းတို့ရဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို လှည့်စားသွားခဲ့တဲ့ တာရက်ဘ်ရဲ့ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ မော်ရိုကိုအသင်းရဲ့ကွင်းလယ်လူဟာ သူ့ဆီကနေ ဘောလုံးလုယူဖို့ ကြိုးစားခဲ့တဲ့ အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်းကို ခြေယောင်ပြကျော်ဖြတ်သွားခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေခဲ့တာပါ။

အိုဒွိုင်း ။ ။ အင်္ဂလန်ယူ(၂၁)အသင်းက သြစတြီးယားယူ(၂၁)အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြပြီး သွင်းဂိုး(၂)ဂိုး သွင်းယူခဲ့တဲ့ အိုဒွိုင်းတစ်ယောက် ဒဏ်ရာရသွားခဲ့လို့ ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာတာ မကြာသေးတဲ့ ချယ်လ်ဆီးတောင်ပံကစားသမားဟာ ပွဲချိန်အတွင်း ခြေစွမ်းပြ ကစားခဲ့ပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ ပေါင်မှာရေခဲကပ်ထားတာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပြီး သူ့ရဲ့လမ်းလျှောက်ပုံကလည်း ပုံမှန်မဟုတ်ခဲ့လို့ ပရိသတ်တွေ စိတ်ပူခဲ့ရတာပါ။ ချယ်လ်ဆီးနည်းပြ လမ်းပတ်ကတော့ အိုဒွိုင်းဟာ အသေးစားဒဏ်ရာအချို့ ရသွားခဲ့ကြောင်းနဲ့ မကြာခင် သက်သာလာလိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောဆိုသွားခဲ့ပါတယ်။

ဘူလ်ဂေးရီးယား ။           ။ ဘူလ်ဂေးရီးယားနဲ့အင်္ဂလန်အသင်းတို့ ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ်မှာ အင်္ဂလန်ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားခဲ့ပြီး နာဇီပုံစံအလေးပြုခဲ့ကြတဲ့ ပရိသတ် (၄) ဦးဟာ ပွဲပြီးချိန်မှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဘူလ်ဂေးရီးယားပြည်တွင်း ရေဒီယိုတစ်ခုရဲ့ဖော်ပြချက်အရ ပရိသတ် (၄)ဦးဟာ တာဝန်ရှိသူတွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပြီး ဘူလ်ဂေးရီးယားရဲ့ပြည်ထဲရေးဝန်ကြီးကလည်း ဘောလုံးပွဲပြီးတဲ့နောက် လူ(၄)ဦးကို ဖမ်းဆီးထားတယ်လို့ အတည်ပြုပေးသွားခဲ့ပါတယ်။

READ
၂-၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

Linn

Source : TheSun , Goal , Mirror

SHARE