တီတေး ။ ။ ဘရာဇီးအသင်းနည်းပြ တီတေး က မနေ့ညက ကစားခဲ့တဲ့ ဘရာဇီးနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ခြေစမ်းပွဲမှာ မက်ဆီနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ အကြောင်း ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။ အာဂျင်တီးနားက ဘရာဇီးကို (၀-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို မက်ဆီက ပင်နယ်တီကနေ သွင်းယူသွားခဲ့တာပါ။ တီတေး က မက်ဆီကို အ၀ါကတ်ပြသင့်တယ်လို့ ဒိုင်လူကြီးကို စောဒက တက်နေတဲ့ အချိန်မှာ မက်ဆီက သူ့ကို “ပါးစပ်ပိတ်ထား” လို့ လှမ်းအော်ခဲ့ကြောင်းနဲ့ သူ့အနေနဲ့လည်း မက်ဆီကို အလားတူစကားလုံးမျိုးနဲ့ ပြန်လည်အော်ဟစ်ခဲ့မိကြောင်း ပွဲအပြီးအင်တာဗျူးမှာ ဖြေဆိုသွားခဲ့တာပါ။
မီခီတာရန် ။ ။ ရိုးမားအသင်းကို အငှားနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ မီခီတာရန် က လက်ရှိနည်းပြ အမ်မရီ ဟာ ကစားသမားတွေကို လူမှန် နေရာမှန်ဖြစ်အောင် အသုံးမချနိုင်တဲ့သူ ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အမ်မရီလက်အောက်မှာ သူ အားသန်တဲ့ ကွင်းလယ်တိုက်စစ်နေရာထက် ကွင်းလယ်ခံစစ်ပိုင်းမှာ ကစားခဲ့ရတဲ့ မီခီတာရန် ဟာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အမ်မရီ ဟာ သူ့လိုမျိုးပဲ တခြားကစားသမားတွေကိုလည်း သူတို့ရဲ့ အားသန်တဲ့နေရာတွေမှာ ကစားခိုင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
“It’s why I didn’t contribute as many goals or assists” https://t.co/E3r9nHTbI4
— Mirror Football (@MirrorFootball) November 15, 2019
ဖာနန်ဒက်ဇ် ။ ။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ရေပန်းအစားဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့တဲ့ စပို့တင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ဇ် ကတော့ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာလည်း ရေပန်းစားဦးမယ့် ပုံပါ။ စပို့တင်းအသင်းဥက္ကဌ ကိုယ်တိုင်က စပါးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဖာနန်ဒက်ဇ်ကို ပေါင်(၆၅)သန်းနဲ့ ကမ်းလှမ်းခဲ့ဖူးပြီးအခုအချိန်မှာလည်း နောက်ထပ် ကမ်းလှမ်းမှုတွေ ပြုလုပ်နေတဲ့အကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ ဖာနန်ဒက်ဇ်ကို ရီးယဲလ်၊ မန်ယူအသင်းတို့ကလည်း စောင့်ကြည့်နေဆဲ ဖြစ်ပေမယ့် စပါးအသင်းကတော့ အဲရစ်ဆင် ရဲ့ နေရာကို အစားထိုးဖို့အတွက် လက်တွေ့ကျကျ ကြိုးစားလာခဲ့တာပါ။
Bruno Fernandes has spoken out about his future #mufc https://t.co/5uTq3zqmEC
— Man United News (@ManUtdMEN) November 16, 2019
ဂျရတ် ။ ။ လီဗာပူးလ်အသင်း ကွင်းလယ်လူဟောင်း စတီဗင်ဂျရတ် က ဒီရာသီ လီဗာပူးလ်အသင်းရဲ့ နိုင်ပွဲတွေမှာ အဓိက ကျသူနှစ်ဦးရှိနေကြောင်းနဲ့ အဲဒီကစားသမားတွေက နောက်ခံလူတွေဖြစ်ကြတဲ့ အလက်ဇန္ဒားအာနိုးနဲ့ ရော်ဘတ်ဆန် တို့ အတွဲဖြစ်ကြောင်း ချီးကျုးလိုက်ပါတယ်။ ဂျရတ် က လီဗာပူးလ်အသင်း အမှတ်ပေးဇယားကို အမှတ်အပြတ်အသတ်နဲ့ ဦးဆောင်နေနိုင်ခြင်းဟာ အာနိုးနဲ့ ရောဘတ်ဆန်တို့ရဲ့ စွမ်းဆောင်ရည်ကြောင့် ဖြစ်ကြောင်းနဲ့ သူတို့နှစ်ဦးဟာ ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်ကြကြောင်း ချီးကျူးသွားခဲ့တာပါ။
Most Premier League assists in 2019:
🔴 Trent Alexander-Arnold (12)
🔴 Andrew Robertson (12)Liverpool’s full-backs are dominant. pic.twitter.com/wJ1b6UYgHy
— Squawka Football (@Squawka) November 10, 2019
ဘိုင်ယန် ။ ။ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီး က အသင်းကို လက်ရှိတာဝန်ယူနေတဲ့ ယာယီနည်းပြ ဟန်ဆီဖလစ် ဟာ အမြဲတမ်းနည်းပြ ရာထူးနဲ့ ထိုက်တန်သူဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ကိုဗက် ကို ထုတ်ပယ်လိုက်ပြီးတဲ့နောက် ယာယီနည်းပြအဖြစ် အစားဝင်လာခဲ့တဲ့ ဖလစ် ရဲ့ လက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်းက ဆက်တိုက်နိုင်ပွဲတွေ ရထားခဲ့ပြီး အိုလံပီယာကော့စ်အသင်းကို (၂-၀)ဂိုး၊ ဒေါ့တ်မွန်အသင်းကို (၄-၀)ဂိုးတွေနဲ့ အနိုင်ရရှိထားခဲ့တာပါ။
Linn
Source : TheSun , Goal , Mirror