ဆာလက် ။ ။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆာလက် ဟာ ရီးယဲလ်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတွေဆီ ပြောင်းရွှေ့ဖို့ အစီအစဉ်မရှိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး လာမယ့်ရာသီအကုန်မှာတော့ ဆုံးဖြတ်ချက်ပြောင်းလဲကောင်း ပြောင်းလဲနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆာလက်ကို ရီးယဲလ်အသင်းက ပေါင်သန်း(၁၅၀)အထိ ပေးချေသွားဖို့ ဆန္ဒရှိနေပြီး လီဗာပူးလ်အသင်းက ဆာလက်ရဲ့သဘောဆန္ဒအတိုင်းဆုံးဖြတ်စေခဲ့တာပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ဆုဖလားရယူထားတဲ့ ဆာလက် က သူ့အနေနဲ့ ဒီရာသီမှာ လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူဦးမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ဂျာအိုဖိလစ် ။ ။ မန်စီးတီးနဲ့မန်ယူတို့ အပြိုင်ဖြစ်နေကြတဲ့ ဂျာအိုဖိလစ်ကိုခေါ်ယူရေး စီမံကိန်းတွေဟာ အက်သလက်တီကိုအသင်းကြောင့် အခက်တွေ့နေရပါတယ်။ ဂရစ်ဇ်မန်းကို တိုက်စစ်မှူးအဖြစ်ကနေ လက်လွှတ်ရမယ့် အက်သလက်ဟာ အသက် (၁၉)နှစ်အရွယ် တောင်ပံကစားသမားကို ပုံမှန်ပွဲထွက်ခွင့်ပေးမယ် ဆိုတဲ့ အာမခံချက်နဲ့ ကမ်းလှမ်းလိုက်တာဖြစ်ပြီး ပေါင်(၁၀၅)သန်းကိုလည်း ပေးချေဖို့ အဆင်သင့်ဖြစ်နေတယ်လို့ Marca က ဖော်ပြပါတယ်။ ဒီကမ်းလှမ်းမှုကို ဖိလစ် ကိုယ်တိုင်လည်း စိတ်ဝင်စားနေခဲ့ပြီး ပွဲထွက်ခွင့်အတွက် မသေချာသေးတဲ့ မန်စီးတီး၊မန်ယူတို့ကိုပြောင်းဖို့ထက် အက်သလက်တီကို ကိုပြောင်းဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။

မက်ဂွိုင်းယား ။ ။ လက်စတာအသင်းရဲ့ခံစစ်မှူး မက်ဂွိုင်းယားဟာ အသင်းပိုင်ရှင် ဗန်ချိုင်းကို လက်စတာကနေ ထွက်ခွာမသွားဘူးဆိုတဲ့ ကတိပေးခဲ့တာကြောင့် အသင်းကနေ ထွက်ခွာဖို့ဆန္ဒမရှိပဲဖြစ်နေခဲ့တယ်လို့ မက်ဂွိုင်းယားရဲ့အေးဂျင့်ဖြစ်သူက ဆိုလိုက်ပါတယ်။ မန်ယူနဲ့မန်စီးတီးအသင်းတို့ရဲ့စိတ်ဝင်စားမှုခံနေရတဲ့ ကစားသမားဟာ လက်ရှိမှာ မန်ယူအသင်းရဲ့ပေါင်သန်း(၉၀)နဲ့ ကမ်းလှမ်းမှုကို ရရှိထားခဲ့ပေမယ့် အသင်းပိုင်ရှင်ကို ပေးခဲ့ဖူးတဲ့ ကတိစကားကြောင့် အပြောင်းအရွှေ့ဆုံးဖြတ်ချက်ဟာ နှောင့်နှေးနေခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဟမ်းမဲလ် ။ ။ ဒေါ့တ်မွန်အသင်းကနေ ဘိုင်ယန်မြူးနစ်ဆီကိုပြောင်းရွှေ့သွားခဲ့တဲ့ အသက် (၃၀)အရွယ် ခံစစ်မှူး ဟမ်းမဲလ်ဟာ အသင်းဟောင်း ဒေါ့တ်မွန်ဆီကို ပြန်လည်ရောက်ရှိလာဖို့ ရှိနေပြန်ပါတယ်။ ဒေါ့တ်မွန်ဟာ ဘိုင်ယန်မြူးနစ်ဆီကနေ ဟမ်းမဲလ်ကို ပေါင်(၂၂)သန်းနဲ့ ပြန်လည်ဝယ်ယူဖို့ ဆွေးနွေးနေပြီဖြစ်ပြီး ဒေါ့တ်မွန်အသင်းက ဘိုင်ယန်မြူးနစ်ဆီရောင်းချခဲ့စဉ်တုန်းကတော့ ပေါင်သန်း(၃၀) ရရှိခဲ့တာပါ။
Bayern and Borussia Dortmund have agreed deal for the transfer of Mats Hummels. Dortmund will pay €20m plus add-ons. Hummels is also positive about the transfer although he will accept a pay cut (under €10m/year) [BamS] pic.twitter.com/CwUoyRgGjA
— Bayern & Germany (@iMiaSanMia) June 15, 2019
အေဗရာဟမ် ။ ။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဗီလာအသင်းကို အငှားသွားရောက်ကစားခဲ့ရပြီး ချယ်လ်ဆီးဆီ ပြန်လည်ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး အေဗရာဟမ် က သူ့အနေနဲ့ ချယ်လ်ဆီးအသင်းမှာပဲ ကစားချင်ကြောင်း ပြောဆိုလိုက်ပါတယ်။ အေဗရာဟမ် ဟာ ဒီရာသီမှာလည်း ဗီလာအသင်းဆီ အငှားနဲ့ သွားရောက်ကစားရဖို့ နီးစပ်နေပြီး သူ့အနေနဲ့ ချယ်လ်ဆီးအတွက်ပဲ ကစားချင်ကြောင်းပြောဆိုလိုက်တာပါ။ အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူးလေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗီလာအတွက် အထူးခြေစွမ်းပြခဲ့ပြီး ပွဲစဉ်(၃၇)ပွဲမှာ သွင်းဂိုး (၂၅) ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။
ဘင်နီတက်ဇ် ။ ။ နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်အသစ်ဖြစ်လာတော့မယ့် ဒူဘိုင်းဘီလီယံနာ ရှိတ်ခါလက် ဟာ အသင်းရဲ့နည်းပြအဖြစ် ဘင်နီတက်ဇ်ကိုပဲ ဆက်လက်ရှိနေဖို့ ဆန္ဒရှိနေကြောင်း TheSun က ဖော်ပြပါတယ်။ နယူးကာဆယ်ဟာ အသင်းပိုင်ရှင်သစ် အပြောင်းအလဲမှာ နည်းပြအပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ အားလုံးက သုံးသပ်နေကြပြီး ဘင်နီတက်ဇ်ရဲ့နေရာမှာ မော်ရင်ဟို ကို အစားထိုးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာနေတာပါ။ ဒါပေမယ့် TheSun ကတော့ ရှိတ်ခါလက် ဟာ အသင် (၅၉)နှစ်အရွယ် နည်းပြကြီးကိုအခွင့်အရေးပေးသွားမှာဖြစ်ပြီး ကစားသမားသစ်တွေလည်း ခေါ်ယူပေးသွားမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။
Linn
Source : Goal , TheSun , Mirror