၁၆-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Goal"

လီဗာပူးလ် ။     ။ အသင်းရဲ့အဓိက နောက်ခံလူ ဗန်ဒိုက် ကို ဈေးကြီးကြီးနဲ့ရောင်းဖို့ ကြိုးစားနေတဲ့ လီဗာပူးလ်အသင်းဟာ ဗန်ဒိုက်ရဲ့နေရာမှာ ကူလီဘာလီ ကို အစားထိုးဖို့ စီစဉ်ထားတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ Goal.com ရဲ့ ဖော်ပြချက်အရ ရီးယဲလ်၊ ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတို့က စိတ်ဝင်စားနေကြတဲ့ ဗန်ဒိုက် ကို လီဗာပူးလ်အနေနဲ့ ရောင်းချဖို့ ဆန္ဒရှိနေခဲ့ပြီး နာပိုလီအသင်းရဲ့နောက်ခံလူ ကူလီဘာလီ ကို ပြန်လည်အစားထိုးခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဇာခါ ။  ။ အာဆင်နယ်အသင်းခေါင်းဆောင် ဇာခါ က ၀က်ဖို့ဒ်အသင်းနဲ့ကစားခဲ့တဲ့ ပွဲစဉ် ဒုတိယပိုင်းမှာ အရှုံးနဲ့ရင်ဆိုင်ရမှာကိုကြောက်ရွံ့နေမိခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဇာခါ က အာဆင်နယ်အသင်းတစ်သင်းလုံးဟာ ချေပဂိုးနှစ်ဂိုး ပေးလိုက်ရပြီးချိန်မှာ လုံးဝကို ကြောက်စိတ်ဝင်နေကြပြီး ဘယ်လိုမှကောင်းကောင်းမွန်မွန်မကစားနိုင်ပဲ ဖြစ်သွားခဲ့တယ်လို့ ၀န်ခံပြောဆိုသွားခဲ့ပါတယ်။

 

လူကာကူ ။      ။ အီတလီဘောလုံးပွဲတင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ပက်ဆီရာနီ ဟာ အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူ ကို လူမျိုးရေးခွဲခြားတဲ့ လှောင်ပြောင်မှုမျိုးပြောဆိုခဲ့တာကြောင့် အလုပ်ကနေ ချက်ချင်းထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီတစ်ပတ်ရဲ့ စီးရီးအေပွဲစဉ်တွေကို ပြန်လည်သုံးသပ်တဲ့အစီအစဉ်မှာ ပက်ဆီရာနီက လူကာကူ ကိုရပ်တန့်စေဖို့ တစ်ခုတည်းသော နည်းလမ်းက ငှက်ပျောသီး(၁၀)လုံးလောက်ပေးလိုက်ဖို့ပဲ ဆိုတဲ့ မှတ်ချက်ကိုပေးခဲ့ပြီး အဲဒီစကားကြောင့် အလုပ်ကနေ ချက်ချင်းထုတ်ပယ်ခံခဲ့ရတာပါ။ Topcalcio24 ရဲ့ ထုတ်လွှင့်မှုအပြီးမှာပဲ ရုပ်သံဌာနရဲ့ဒါရိုက်တာ ရာဗက်ဇာနီ က ချက်ချင်းတောင်းပန်မှု ပြုလုပ်သွားခဲ့ပါတယ်။

အေဗရာဟမ် ။  ။ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြပြီး သွင်းဂိုးတွေ သွင်းယူပေးနေတဲ့ တိုက်စစ်မှူး အေဗရာဟမ် က နည်းပြ ဆောက်ဂိတ်အနေနဲ့ အင်္ဂလန်အသင်းမှာ သူ့ကိုမရွေးချယ်ဘူးဆိုရင် နိုင်ဂျီးရီးယားအသင်းအတွက် သွားရောက်ကစားပေးမှာဖြစ်တဲ့အကြောင်း အသိပေးလိုက်ပါတယ်။ အေဗရာဟမ် ဟာ (၂၀၁၇)နိုဝင်ဘာလတုန်းက ဂျာမနီအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အသင်းရဲ့လူစာရင်းနဲ့ ဝေးကွာနေခဲ့တာပါ။

ဟတ်စကီး ။     ။ လီဗာပူးလ်အသင်းနဲ့ အင်္ဂလန်အသင်းတိုက်စစ်မှူးဟောင်း ဟတ်စကီး က အင်္ဂလန်ကစားသမားတွေဖြစ်ကြတဲ့ လမ်းပတ် ၊ ဂျရတ် တို့အနေနဲ့ နာမည်ကျော်အသင်းတွေမှာ မန်နေဂျာအဖြစ် ရှိနေနိုင်ခြင်းဟာ သူတို့ရဲ့အသားရောင်ကြောင့်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အင်္ဂလန်မြေပေါ်မှာ ပွဲ(၆၀၀)ကျော် ကစားပြီး သွင်းဂိုး (၁၃၀)အထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးက ဆိုးလ်ကမ်းဘဲ၊ အက်ရှ်လေကိုးလ်တို့ဟာလည်း နည်းပြဘ၀နဲ့အောင်မြင်သင့်သူတွေလို့ မှတ်ချက်ပေးလိုက်ပြီး အသားရောင်ကွဲပြားမှုတွေက သူတို့ကို နောက်ရောက်သွားစေခဲ့တယ်လို့ဆိုလိုက်ပါတယ်။

READ
နောက်ထပ် အမွှာနှစ်ဦးရဲ့ Single Father ဖြစ်တော့မယ့် စီရော်နယ်ဒို

Linn

Source : TheSun , Goal , Mirror

SHARE