၁၇-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / TheSun

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒို ရဲ့အင်စတာဂရမ်ကနေ ၀င်ငွေရရှိမှုဟာ ပြိုင်ဖက်တိုက်စစ်မှူး မက်ဆီထက် (၂)ဆကျော် ပိုများနေတယ်လို့ အချက်အလက်တွေက ဖော်ပြနေကြပါတယ်။ အင်စတာဂရမ်ကနေ ၀င်ငွေအများဆုံးရတဲ့ ကျော်ကြားသူစာရင်းမှာ ရော်နယ်ဒိုက ပေါင်(၃၈.၂)သန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး မက်ဆီက ပေါင်(၁၈.၇)သန်းနဲ့ ဒုတိယနေရာကနေ လိုက်ပါနေတာပါ။ မက်ဆီရဲ့အောက်မှာတော့ ကန်ဒဲလ်ဂျန်နာ၊ ဒေးဗစ်ဘက်ခမ်၊ ဆီလီနာဂိုမက်ဇ် ၊ နေမာ၊ အီဗရာဟီမိုဗစ်၊ ကိုင်လီဂျန်နာ၊ ရော်နယ်ဒင်ဟို၊ ခိုးလ်ကာဒစ်ရှန် တို့က အစဉ်လိုက် ရပ်တည်နေကြပါတယ်။

ဘိုင်ယန် ။       ။ ဘိုင်န်မြူးနစ်ကစားသမားဟောင်းကြီး လိုသာမားသီးယပ်စ်က ဘိုင်ယန်အသင်းအနေနဲ့ စပါးကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့မကြိုးစားပဲ လက်ရှောင်နေသင့်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဒီရာသီကုန်ဆုံးရင် စပါးအသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် ကစားသမားကို လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ စပါးက ဈေးပေါပေါနဲ့ရောင်းချသွားဖို့ရှိနေပေမယ့် ကစားပုံနှေးကွေးတဲ့ပုံစံက ဘိုင်ယန်မြူးနစ်နဲ့ သင့်တော်မှာမဟုတ်ဘူးလို့ လိုသာမားသီးယပ်စ်က သုံးသပ်သွားတာပါ။

အိုဇေးလ် ။       ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီနဲ့ တင်းမာမှုတွေရှိနေပေမယ့်လည်း မြင့်မားတဲ့လစာငွေ ရရှိနေမှုကြောင့် အာဆင်နယ်အသင်းကနေ အိုဇေးလ်တစ်ယောက် ထွက်ခွာသွားမှာမဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ တစ်ပတ်ကို ပေါင် (၃၅၀၀၀၀)အထိ ရရှိနေတဲ့ အိုဇေးလ်ဟာ အာဆင်နယ်အသင်းကို အခက်တွေ့အောင်လုပ်တဲ့အနေနဲ့ စာချုပ်ကုန်ဆုံးတဲ့ (၂၀၂၁)ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့ TheSun က ဖော်ပြပါတယ်။

 

မန်ယူ ။ ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ လီဗာပူးလ်နဲ့ပွဲစဉ်အတွက် ဘစ်ဆာကာ နဲ့ မာရှယ်တို့ကို စွန့်စားအသုံးပြုရဖွယ်ရှိနေပြီး နှစ်ဦးစလုံးဟာ ကြံ့ခိုင်ရည်မပြည့်ဝသေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ Mirror က ဖော်ပြပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပေမယ့် မာရှယ်နဲ့ ဘစ်ဆာကာ တို့ဟာ ပွဲချိန်ပြည့် ကစားနိုင်တဲ့ ကြံ့ခိုင်မှုမျိုးရှိမနေပဲ ဆိုးလ်ရှားအနေနဲ့ စွန့်စားပြီးအသုံးပြုရဖွယ်ရှိနေတာပါ။ တစ်ဖက်မှာလည်း ပေါ့ဂ်ဘာနဲ့ဒီဂီယာ တို့မပါဝင်နိုင်တဲ့အနေအထားကြောင့် ဆိုးလ်ရှားအနေနဲ့ ပိုပြီးစဉ်းစားရဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဇင်ချန်ကို ။      ။ မန်စီးတီးအသင်းဘယ်နောက်ခံကစားသမား ဇင်ချန်ကို တစ်ယောက် သူ့ရဲ့ချစ်သူကို ဘောလုံးကွင်းထဲမှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ သတင်းဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။ ပရိသတ်(၇၀၀၀၀)ဆန့်တဲ့ ကိဗ်မြို့ထဲက အိုလံပစ်အားကစားကွင်းကြီးထဲမှာ ဇင်ချန်ကို က သူ့ရဲ့ချစ်သူဖြစ်တဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူ ဗလာဒါ ဆီဒန် ကို လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး သူ့ရဲ့ အင်စတာဂရမ်ကနေ အဲဒီ ဓာတ်ပုံတွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်တာပါ။

အေစီ ။ ။ စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကြောင့် လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ အဓိက ကစားသမားအချို့ကို ထုတ်ရောင်းရဖို့ရှိနေပါတယ်။ ဂိုးသမား ဒွန်နာရမ်မာ ၊ တိုက်စစ်ကစားသမား ဆူဆို တို့ဟာ အေစီမီလန်ရောင်းချမယ့် အဓိက ကစားသမားတွေဖြစ်လာခဲ့ပြီး တိုက်စစ်မှူး ပီယာတက် လည်း အရောင်းစာရင်းထဲမှာရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၎-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE