၁၇-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ က အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့မှာ ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်ခြင်းမရှိဘူးဆိုရင် ရလဒ်ကောင်းတွေရဖို့အတွက် ရုန်းကန်သွားရမှာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။ အာဆင်နယ်အသင်းဘုတ်အဖွဲ့ဟာ အမ်မရီလိုချင်နေတဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဇာဟာ ၊ တီယာနေး ၊ ဆီဘယ်လို့စ်နဲ့ မယ်လ်ကွန် တို့ကို ပြောင်းရွှေ့ကြေး မြင့်မားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပယ်ချဖို့ ကြိုးစားနေခဲ့ကြတဲ့အပေါ် အမ်မရီက တိုက်တွန်းမှု ပြုလုပ်သွားခဲ့တာပဲဖြစ်ပါတယ်။

နယူးကာဆယ် ။ ။ နယူးကာဆယ်အသင်းဟာ နည်းပြ ဘင်နီတက်ဇ်ရဲ့နေရာမှာ ဆန်းဒါးလန်းအသင်းနည်းပြဟောင်း စတိဗ်ဘရုစ် ကို အစားထိုး ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ မော်ရင်ဟို၊ ဘလန့် တို့ကို ခေါ်မယ်လို့ အသံတွေ ထွက်နေခဲ့တဲ့ နယူးကာဆယ်ဟာ နောက်ဆုံးမှာတော့ ဆန်းဒါးလန်းအသင်းနည်းပြဟောင်းကိုသာ ခေါ်ယူနိုင်ခဲ့ပြီး လစာပေးချေမှုကလည်း ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ အနည်းဆုံးဖြစ်လာဖို့ရှိနေတယ်လို့ ဖော်ပြနေကြလို့ ပရိသတ်တွေက ဒေါသထွက်နေကြပြန်ပါတယ်။

 

မယ်လ်ကွန် ။    ။ ဘာစီလိုနာ တောင်ပံကစားသမား မယ်လ်ကွန်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ကစားသမားဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်း အသင်းတာဝန်ရှိသူတွေဆီ အသိပေးလိုက်ပါတယ်။ ဘာစီလိုနာဟာ မယ်လ်ကွန် ကို ရိုးမားအသင်းနဲ့အပြိုင် ခေါ်ယူထားခဲ့ရတာဖြစ်ပေမယ့် ဘာစီလိုနာအသင်းရဲ့ ကစားကွက်နဲ့ အံမ၀င်ပဲ ဖြစ်နေခဲ့ပြီး အရန်ခုံမှာသာအချိန်ကုန်နေခဲ့ရတာပါ။ မယ်လ်ကွန်ကို အာဆင်နယ်အသင်းက အငှားနဲ့ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ဘာစီလိုနာကတော့ မယ်လ်ကွန်ကို အသင်းကနေ ထွက်ခွာခွင့်ပြုမယ်ဆိုရင်တောင် အငှားနဲ့တော့ ခွင့်ပြုမှာမဟုတ်ဘူးလို့ Marca က ဖော်ပြပါတယ်။

READ
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား(၂၃)ယောက်စာရင်းကို အစောဆုံးထုတ်ပြန်ခဲ့တဲ့ ဘရာဇီးလ်

PSG ။  ။ PSG အသင်းဟာ နေမာအတွက် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုဖြစ်တဲ့ ကော်တင်ဟို + ရာကီတစ် + ပေါင်(၃၆)သန်းကို လက်ခံစဉ်းစားနေပြီလို့ ESPN က ဖော်ပြပါတယ်။ ဘာစီလိုနာဟာ အစပိုင်းမှာ ကော်တင်ဟို + ဒမ်ဘီလီ + ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် PSG ဖက်က လက်မခံခဲ့တာကြောင့် ဒမ်ဘီလီ အစား ရာကီတစ် ကို ထည့်သွင်း ကမ်းလှမ်းခဲ့ရတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

(AP Photo/Eugenio Savio)

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လာမယ့်ရာသီမှာ ကွင်းလယ်ကစားသမား တိုမီနေးနဲ့ ပါရဲရားတို့ရဲ့ ခြေစွမ်းတွေ ပိုမိုတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်နေကြောင်းပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဟာရဲရားတစ်ယောက် PSG အသင်းကိုပြောင်းရွှေ့သွားပြီးတဲ့နောက် တိုမီနေးနဲ့ ပါရဲရားတို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးတွေရှိလာခဲ့ပြီး လာမယ့်ရာသီမှာ ပိုမိုပွဲထွက်ခွင့်ပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုးလ်ရှားက ပြောဆိုထားပါတယ်။

READ
၁၉-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

အဲလ်ဗက်စ် ။    ။ PSG အသင်းကနေ စာချုပ်သက်တမ်းကုန်ဆုံးပြီး ထွက်ခွာလာခဲ့တဲ့ နောက်ခံလူ ဒါနီအဲလ်ဗက်စ် ဟာ အာဆင်နယ်အသင်းဆီကို လစာလျော့ယူပြီး လာကစားပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ Mirror က ဖော်ပြပါတယ်။အဲလ်ဗက်စ် ဟာ PSG အသင်းမှာ အတူတွဲခဲ့ဖူးတဲ့ နည်းပြ အမ်မရီနဲ့ ပြန်လည်ပေါင်းစည်းဖို့ ဆန္ဒရှိနေပြီး မန်စီးတီးနဲ့ စပါးတို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်သွားဖို့ရှိနေတယ်လို့ Mirror သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE