၁၈-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဆိုးလ်ရှား ။      ။ မန်ယူအသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ် က အသင်းတာဝန်ရှိသူတွေအနေနဲ့ နည်းပြဆိုးလ်ရှားကို အပြည့်အ၀ထောက်ခံထားကြောင်းနဲ့ ဆိုးလ်ရှားရဲ့လူငယ်စီမံကိန်းတွေက တကယ့်ကို အထင်ကြီးစရာဖြစ်ကြောင်း ချီးကျုးလိုက်ပါတယ်။ ၀ုဒ်ဝါ့ဒ်က ဆိုးလ်ရှားဟာ ကလပ်အသင်းရဲ့သမိုင်းကြောင်းမှာ တကယ့်ကိုကောင်းမွန်တဲ့ ကစားသမားအစုအဖွဲ့ကိုတည်ဆောက်နေတာဖြစ်ပြီး ငယ်ရွယ်တဲ့ကစားသမားတွေနဲ့ ဆိုးလ်ရှားရဲ့နည်းစနစ်ပိုင်းကို အချိန်ပေးစောင့်ကြည့်သွားရမှာဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ။                   ။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးဆုအတွက် မန်စီးတီးတိုက်စစ်မှူး အဂွီရို ၊ ချယ်လ်ဆီးတိုက်စစ်မှူး အေဗရာဟမ်နဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်တို့က ထိပ်ဆုံးက အလေးပေးခြင်းခံထားရပါတယ်။ အဂွီရိုနဲ့ အေဗရာဟမ်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး (၈)ဂိုးစီရရှိထားခဲ့ကြပြီး အူဘာမီယန်းကတော့ သွင်းဂိုး(၇)ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေခဲ့တာပါ။

 

ဆွန်ဟောင်မင် ။ ။ စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်က ပြီးခဲ့တဲ့ အင်္ဂါနေ့က ကစားခဲ့တဲ့ မြောက်ကိုရီးယားနဲ့ပွဲမှာ ဒဏ်ရာမရပဲ ပြန်လာနိုင်ခဲ့ခြင်းက ကံကောင်းမှုတစ်ခုပဲလို့ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားအသင်းတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် မြောက်ကိုရီးယားရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပြီး အကြမ်းတမ်းဆုံးပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ ဆွန်ဟောင်မင်က ပြောဆိုလိုက်တာပါ။ နိုင်ငံတကာမီဒီယာတွေကိုဝင်ခွင့်မပေးခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဆွန်ဟောင်မင်က မိနစ် (၉၀)ပြည့် ၀င်ရောက်ကစားခဲ့ပြီး ဒဏ်ရာမရပဲ ပွဲပြီးတဲ့အထိကစားနိုင်ခဲ့တာက ကံကောင်းမှုတစ်ခုပဲလို့ ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ ဗီရိုနာအသင်းရဲ့လူငယ်ကစားသမားလေး ဗစ်ဂ်နာတိုရဲ့ခြေစွမ်းကို ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်ခိုင်းနေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။ ဘိုင်ယန်၊အေစီ၊အင်တာမီလန်တို့ကလည်း ဒီကစားသမားလေးရဲ့ခြေစွမ်းအတွက် ကင်းထောက်တွေ ကိုယ်စီစေလွှတ်ထားကြတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး အသက် (၁၉)နှစ်အရွယ် ကစားသမားလေးဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဗီရိုနာအသင်းရဲ့စီနီယာကစားသမားအဖြစ် စတင်ပွဲထွက်ခွင့်ရရှိခဲ့သူပါ။

READ
(၁၁-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို က အသင်းအနေနဲ့ ရလဒ်ဆိုးတွေရင်ဆိုင်နေရပေမယ့်လည်း ကစားသမားတွေကတော့ သူ့အပေါ်ချစ်ခင်ကြောင်းပြဖို့အတွက် လာမယ့်တစ်ပတ်မှာ ညစာစားဖိတ်ထားခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ မနက်ဖြန်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၀က်ဖို့ဒ်အသင်းနဲ့ရင်ဆိုင်ရမယ့် စပါးအသင်းအနေနဲ့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့ ပိုချက်တီနိုက ယုံကြည်နေပြီး စပါးအသင်းကစားသမားတွေဟာ သူ့ကိုချစ်ခင်နေကြဆဲဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အေဂျက်ဇ် ။     ။ ဗလင်စီယာအသင်းနဲ့အေဂျက်ဇ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အားပေးပုံကြမ်းတမ်းခဲ့ကြတဲ့ အေဂျက်ဇ်ပရိသတ်တွေဟာ ချယ်လ်ဆီး-အေဂျက်ဇ်တို့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ကြည့်ရှုခွင့်ပိတ်ပင်ခြင်းခံလိုက်ရပါတယ်။ အေဂျက်ဇ်အသင်းပရိသတ်တွေဟာ ကွင်းအတွင်း မီးပန်းတွေဖောက်ပြီးအောင်ပွဲခံခဲ့မှုကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ဒဏ်ငွေအဖြစ် ပေါင်(၄၃၀၀၀)ကိုလည်း ပေးဆောင်စေလိုက်ပါတယ်။

Linn

Source : TheSun , Goal , Twitter

SHARE