၁၈-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Goal"

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒို က သူ့အနေနဲ့ အကောင်းဆုံးဂိုးသွင်းယူနိုင်ခဲ့တယ်ဆိုတဲ့ ခံစားချက်ထက်၊ ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာနဲ့ ချစ်တင်းနှောရတဲ့ခံစားချက်ကို ပိုမိုသဘောကျတယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ပါတယ်။ ITV ရုပ်သံနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ရော်နယ်ဒိုက သူ့အကြိုက်ဆုံးသွင်းဂိုးဟာ ရီးယဲလ်မှာ ကစားခဲ့စဉ်က ဂျူဗင်တပ်စ်အသင်းဖက်ကို သွင်းယူခဲ့တဲ့ ဂိုးဖြစ်ကြောင်း ပြောဆိုသွားခဲ့ပြီး အဲဒီဂိုးကို သဘောကျပေမယ့် ဂျော်ဂျီနာနဲ့အတူရှိနေရတဲ့အချိန်တွေက ပိုပြီးသဘောကျစရာကောင်းတယ်လို့ မှတ်ချက်ပေးသွားခဲ့တာပါ။

ဟာဇက် ။        ။ လီဗန်တေးအသင်းနဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့တစ်ပတ် လာလီဂါပွဲမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတဲ့ ရီးယဲလ်တောင်ပံကစားသမားဟာဇက် ကတော့ ဒီနေ့ညမှာ ကစားမယ့် PSG အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လာဖို့ရှိနေပါတယ်။ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် လီဗန်တေးနဲ့ပွဲစဉ်မှာ မိနစ်(၃၀)လောက် ၀င်ရောက်ကစားခဲ့တဲ့ ဟာဇက် ဟာ ရီးယဲလ်ရဲ့ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာဖို့ရှိနေတယ်လို့ Goal က ဖော်ပြပါတယ်။

 

PSG ။  ။ PSG အသင်းနည်းပြ တူချယ်လ်က ဒီနေ့ည ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဟာ တိုက်စစ်ပိုင်းအတွက် အခက်အခဲဖြစ်မယ့် ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပွဲပယ်ခံထားရတဲ့ နေမာ နဲ့ ဒဏ်ရာရနေတဲ့ ဘက်ပီ၊ ကာဗာနီ တို့ကြောင့် PSG ဟာ အဓိက တိုက်စစ်မှူး (၃)ဦးစလုံးကို ဆုံးရှုံးရဖို့ရှိနေခဲ့တာပါ။ တူချယ်လ်က PSG အသင်းရဲ့တိုက်စစ်မှာ အီကာဒီ၊ ချူပိုမိုတင်း တို့ကိုပဲ အဓိက အားထားရမှာဖြစ်ပြီး ဒီကစားသမားတွေအနေနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဂျာဂန်ကလော့ပ် ။        ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က မနေ့ညက ကစားခဲ့တဲ့ နာပိုလီအသင်းရဲ့ခြေစွမ်းဟာ ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်စွမ်းရှိကြောင်း ပြောဆိုလိုက်ပါတယ်။ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကလော့ပ်က အသင်းတစ်သင်းအနေနဲ့ အစီအစဉ်ကောင်းတွေ၊ ကစားသမားကောင်းတွေရှိနေရင် ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်မှာဖြစ်ပြီး နာပိုလီအသင်းအနေနဲ့လည်း အလားတူ အခွင့်အရေးမျိုးရှိနေတယ်လို့ ပြောဆိုလိုက်တာပါ။

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က မနေ့ညက ပွဲစဉ်မှာ ဒဏ်ရာရသွားတဲ့ ကွင်းလယ်လူ မေဆွန်မောင့်တ် ရဲ့ခြေကျင်းဝတ်ဒဏ်ရာကို စစ်ဆေးဆဲဖြစ်ကြောင်းနဲ့ ဘယ်လောက်အထိ အနားယူရမယ်ဆိုတာ မပြောနိုင်သေးကြောင်း မီဒီယာတွေကို အသိပေးသွားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ပွဲစဉ်မှာ ဗလင်စီယာကွင်းလယ်လူ ကိုကွီလင်နဲ့ထိခိုက်မိခဲ့တဲ့ မေဆွန်မောင့်တ်ဟာ ပွဲချိန် (၁၆)မိနစ်မှာတင် လူစားလဲခဲ့ရပြီး နည်းပြ လမ်းပတ်အနေနဲ့ သူ့ရဲ့စိတ်ကြိုက်ကစားသမားကို လာမယ့်ပွဲစဉ်တွေမှာ ဆုံးရှုံးရဖို့ရှိနေခဲ့တာပါ။

READ
၂-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source: TheSun , Goal , Mirror

SHARE