၁၉-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လီဗာပူးလ် ။     ။ အင်္ဂလန်ဘောလုံးကစားသမားဟောင်း ဂယ်ရီလိုင်နီကာ က လီဗာပူးလ်အနေနဲ့ ဆယ်စုနှစ် နှစ်စုနီးပါး ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူချင်တယ်ဆိုရင် ချန်ပီယံလိဂ်ဆုဖလားကို လက်လွှတ်လိုက်ဖို့လိုကြောင်း သုံးသပ်လိုက်ပါတယ်။ လိုင်နီကာ က လီဗာပူးလ်အနေနဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားနိုင်ချေရှိပေမယ့် နောက်တစ်ဆင့်တက်သွားရင် ပိုမိုခက်ခဲတဲ့ ပွဲစဉ်တွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာပါ ခြေချော်သွားနိုင်တယ်လို့ သုံးသပ်လိုက်တာပါ။ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေအဖြစ် မန်ယူ၊ စပါး၊ ချယ်လ်ဆီးတို့နဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပြီး ရမှတ်တွေဆုံးရှုံးသွားနိုင်မယ့် အခြေအနေတွေ ရှိနေပါတယ်။

မာဆယ်လို ။    ။ ရီးယဲလ်အသင်းဘယ်နောက်ခံကစားသမား မာဆယ်လို ဟာ အသင်းအားကစားဒါရိုက်တာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ ရီးယဲလ်က ထွက်ခွာဖို့အတွက် သေချာသွားခဲ့ပါပြီ။ မာဆယ်လိုနဲ့ ရီးယဲလ်အသင်းတို့ရဲ့ စာချုပ်ဟာ (၂၀၂၂) ခုနှစ်အထိ ကျန်ရှိနေသေးပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ခြေစွမ်းကျဆင်းလာမှုတွေက အသင်းကနေ ထွက်ခွာဖို့ ဖြစ်လာစေခဲ့တယ်လို့ Marca က ဖော်ပြပါတယ်။ မာဆယ်လို ကို လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းက ခေါ်ယူမယ်လို့ သတင်းတွေထွက်နေခဲ့ပြီး အသင်းဖော်ဟောင်း ရော်နယ်ဒို ကလည်း မာဆယ်လို ကိုခေါ်ယူပေးဖို့ ဂျူဗင်တပ်စ်အသင်းဆီကို တောင်းဆိုထားခဲ့တာပါ။

READ
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ပေါင် (51.5)သန်းဖြင့် အာဆင်နယ်ခေါ်ယူဖို့နီးစပ်နေ
PA

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက သူ့အနေနဲ့ အသင်းကစားသမားတွေရဲ့ ထောက်ခံမှုကို ရနေသေးလားဆိုတာ မသေချာတော့ကြောင်း ပြောဆိုလိုက်ပါတယ်။ ဘုန်းမောက်နဲ့ မန်စီးတီးအသင်းတွေကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ချယ်လ်ဆီးကစားသမားတွေဟာ ဆာရီရဲ့နည်းစနစ်ပိုင်းကို သံသယရှိလာခဲ့ပြီး ဆာရီကို မထောက်ခံကြတော့ဘူးလို့ သတင်းတွေ ထွက်နေခဲ့တာပါ။ လက်ရှိအချိန်မှာ ဆာရီအတွက် ထောက်ခံပေးနေတဲ့ ကစားသမားတွေဆိုလို့ ဂျော်ဂျင်ဟိုနဲ့ ဟီဂူအင် တို့သာ ရှိနေတော့တယ်လို့ ESPN က ဖော်ပြသွားခဲ့ပါတယ်။

EPA

မီလီတာအို ။     ။ မန်ယူအသင်းက ခေါ်ယူမယ်လို့ သတင်းတွေထွက်နေတဲ့ ပေါ်တိုနောက်ခံကစားသမား မီလီတာအို ဟာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့သာ စိတ်ဝင်စားနေတယ်လို့ Marca က ဖော်ပြပါတယ်။ မန်ယူဟာ အသင်းရဲ့ ခံစစ်ပိုင်းအတွက် လာမယ့်ရာသီမှာ ကစားသမားသစ်တစ်ဦး ခေါ်ယူမှာဖြစ်ပြီး နာပိုလီနောက်ခံလူ ကူလီဘာလေနဲ့ မီလီတာအို တို့က အလိုအရှိဆုံးစာရင်းထဲမှာ ရောက်နေတာပါ။ ဒါပေမယ့်လည်း ရီးယဲလ်အသင်းက ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေပြီး ကစားသမားကိုယ်တိုင်ကလည်း ရီးယဲလ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

AFP

စခိုးလ် ။          ။ မန်ယူအသင်းကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ်က မန်ယူအသင်းအနေနဲ့ လီဗာပူးလ်နဲ့ကစားရမယ့် ပွဲစဉ်ဟာ မန်စီးတီးနဲ့ ကစားရမယ့် မန်ချက်စတာဒါဘီထက် ပိုမိုအရေးပါလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေအဖြစ် လီဗာပူးလ် ၊ မန်စီးတီးအသင်းတို့နဲ့ ကစားဖို့ရှိနေသေးပြီး လီဗာပူးလ်ကို ရှုံးနိမ့်သွားရင် မန်စီးတီးနဲ့ ကစားရမယ့်ပွဲစဉ်အတွက်ပါ စိတ်ဓာတ်ပိုင်း ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ သုံးသပ်လိုက်တာပါ။ မန်ယူဟာ လာမယ့် ဖေဖော်ဝါရီ (၂၄)ရက်၊ ည (၈း၃၅)မိနစ်အချိန်မှာ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး နှစ်သင်းစလုံးအတွက် အရေးကြီးပွဲစဉ် ဖြစ်လာဖို့ရှိနေပါတယ်။

READ
၃၁-၈-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဖာမီနို ။ ။ လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဖာမီနိုဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို မနေ့နံနက်ပိုင်းက လွဲချော်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် လီဗာပူးလ်ပရိသတ်တွေ စိတ်ပူခဲ့ရပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းထဲမှာတော့ ဖာမီနိုရဲ့ နာမည် ပါဝင်နေဆဲဖြစ်ပြီး သူ့အနေနဲ့ အသေးစားဒဏ်ရာလေးတွေ ရှိနေတယ်လို့ လီဗာပူးလ်နည်းပြ ကလော့ပ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ ကလော့ပ်က ဖာမီနိုအနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်မလားဆိုတာကိုတော့ မပြောနိုင်သေးဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Linn

Source : Goal , Mirror , TheSun

SHARE