၁၉-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Goal / Twitter

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုက အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်တွေကို လုပ်ပြခဲ့တဲ့ လက်ဟန်အမူအရာနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးလိုက်ပါတယ်။ ရော်နယ်ဒိုရဲ့ လက်ဟန်အမူအရာဟာ ပရိသတ်တွေကို စော်ကားလိုက်တာပဲဖြစ်တယ်လို့ အက်သလက်ပရိသတ်တွေက မှတ်ချက်တွေပေးနေကြသလို စပိန်မီဒီယာတွေကလည်း အလားတူ အဓိပ္ပာယ်မျိုးနဲ့ ဖော်ပြနေကြတာပါ။ ရော်နယ်ဒိုကတော့ ဒီလက်ဟန် ဟာ “သင်ယူဖို့လိုသေးတယ်” ဆိုတဲ့အကြောင်းကို ရှင်းပြချင်တာဖြစ်ပြီး တခြားဘာအဓိပ္ပာယ်မှ မပါဘူးလို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

တော်ရဲရား ။     ။ ဒီနေ့ည ကစားမယ့် ဖရန့်ဖတ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားကို နေရာပေးသွားဖို့ရှိတယ်လို့ နည်းပြအမ်မရီက ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ဆွတ်ခူးခဲ့တဲ့ တော်ရဲရားဟာ လက်ရှိအချိန်မှာတော့ ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့ပြီး ဒီည ပွဲစဉ်ဟာ သူ့ခြေစွမ်းကို ထပ်မံအကဲခတ်နိုင်မယ့် ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ နည်းပြ အမ်မရီက ပြောဆိုသွားခဲ့ပါတယ်။

 

ဇီဒန်း ။ ။ PSG အသင်းနဲ့ ပွဲမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တဲ့ ရီးယဲလ်အသင်းရဲ့ ကစားပုံကို ပရိသတ်တွေက စိတ်ပျက်နေကြပြီး နည်းပြဇီဒန်းကို ထုတ်ဖို့ တောင်းဆိုနေကြပြီလို့ စပိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ Opta ရဲ့ဖော်ပြချက်အရ ရီးယဲလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၅၇၈)ပွဲမှာ ပြိုင်ဖက်အသင်းဂိုးပေါက်ကို တစ်ကြိမ်တော့ အနည်းဆုံးတည့်အောင် ကန်နိုင်ခဲ့တာကို တွေ့ရပါတယ်တဲ့။ ဘေးလ်၊ ဟာဇက်နဲ့ ဘင်ဇီမာ တို့ရဲ့တိုက်စစ်ဟာ နည်းပြ ဇီဒန်းအတွက် အလုပ်မဖြစ်ခဲ့ပဲ အသင်းနဲ့အတူရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဆုဖလားတွေဟာ ရော်နယ်ဒိုကြောင့်သာ ဖြစ်တယ်လို့ ဇီဒန်းကို ပရိသတ်တွေက ဝေဖန်နေကြပါပြီ။

လင်ဂတ် ။       ။ ကွင်းလယ်လူ လင်ဂတ်ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေတဲ့ မန်ယူအသင်းရဲ့ အစီအစဉ်ကို ပရိသတ်တွေက ကန့်ကွက်နေကြပါတယ်။ အသက် (၂၆)နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့(၈)လတာ ကာလအတွင်း အသင်းဖော်တွေကို ဂိုးဖန်တီးမှု တစ်ကြိမ်မှ မပြုလုပ်ပေးနိုင်ခဲ့သလို၊ ကိုယ်တိုင်လည်းဂိုးမသွင်းနိုင်ခဲ့ပါဘူး။ (၂၀၁၇)ခုနှစ်မှာ မန်ယူနဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုထားတဲ့ လင်ဂတ်ဟာ လက်ရှိအချိန်မှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးကပ်လာခဲ့ပြီး မန်ယူက စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

တူချယ် ။         ။ PSG အသင်းနည်းပြ တူချယ်က မနေ့ညက နိုင်ပွဲဟာ နေမာမရှိလည်း ရီးယဲလ်အသင်းကို အနိုင်ယူနိုင်တယ်ဆိုတာ ပြသလိုက်တာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ နေမာ ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပေမယ့် ပွဲပယ်ပြစ်ဒဏ်ကြောင့် ရီးယဲလ်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ရပြီး ပွဲကြည့်စင်မှာသာ လာရောက်ကြည့်ရှုနေခဲ့ရတာပါ။ တူချယ် ကတော့ ဒီနိုင်ပွဲဟာ PSG အတွက် အရေးကြီးတဲ့ ကစားသမား မရှိဘူးဆိုတာ ပြသလိုက်တာပဲဖြစ်ပြီး အသင်းသားတွေရဲ့ စည်းလုံးမှုကို ပြသနိုင်ခဲ့တာလည်းဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

READ
၁၄-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE