၁၁-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

အစ်ဂါလို ။       ။ မန်ယူအသင်းရဲ့ တိုက်စစ်မှူးသစ် အီဂါလို ဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲမှာ ပွဲထွက်ကစားရမှာဖြစ်တယ်လို့ နည်းပြ ဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။ စပိန်လေ့ကျင့်ရေး ခရီးစဉ်ကို လွဲချော်ခဲ့ရပေမယ့်လည်း မန်ယူအသင်းရဲ့ လူစာရင်းမှာ အီဂါလို ကို ထည့်သွင်းဖို့ ဆိုးလ်ရှားက ဆုံးဖြတ်ထားခဲ့ပြီး တိုက်စစ်မှာ မာရှယ်နဲ့ တွဲဖက် ကစားရဖွယ်ရှိနေပါတယ်။

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းရဲ့ CEO ပီတာ မိုးရ် က အသင်းအနေနဲ့ ကွင်းလယ်ကစားသမားဟောင်း ဂျရတ် ကို ပြန်လည်ခေါ်ယူပြီး ပရီးမီးယားလိဂ်ဆုဖလား ကိုင်မြှောက်ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ပရိသတ်ထောင်ပေါင်းများစွာဟာ သူတို့ချစ်တဲ့ အသင်းခေါင်းဆောင်ဟောင်းကြီးကို အန်ဖီးလ်ကွင်းဆီ ပြန်ခေါ်စေချင်နေကြပြီး ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြှောက်ခွင့်ပေးချင်နေတာပါ။ ဒါပေမယ့် ပီတာ ကတော့ ဂျရတ်ဟာ မတူညီတဲ့ အသင်းတစ်သင်းမှာ တာဝန်ထမ်းဆောင်နေပြီမို့ သူ့ကို လွယ်လွယ်နဲ့ ပြန်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဖာနန်ဒက်စ် ။    ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကတော့ ကွင်းလယ်ကစားသမားသစ် ဖာနန်ဒက်စ်ဟာ တခြားကစားသမားတွေထက် ဦးနှောက်ပိုသုံးပြီး ကစားနိုင်သူဖြစ်ကြောင်း လူသိရှင်ကြား ချီးကျူးလိုက်ပါတယ်။ မန်ယူအသင်းဆီ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူဟာ အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ ပြသနေတဲ့ ခြေစွမ်းဟာ သူ့ရဲ့ဘောလုံးဦးနှောက်ဘယ်လောက်ကောင်းတယ်ဆိုတာကို ပြသနေခဲ့တယ်လို့ ပြောဆိုသွားခဲ့တာပါ။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ရိုးမားအသင်းဆီ အငှားချထားတဲ့ ကွင်းလယ်လူ အမ်ခီတာရန် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)လောက် လိုချင်နေတယ်လို့ TheSun က ဖော်ပြပါတယ်။ ရိုးမားအသင်းအတွက် စီးရီးအေပွဲစဉ် (၁၀)ပွဲကို ဒီရာသီမှာ ကစားပေးထားတဲ့ ကွင်းလယ်လူ ကို ရိုးမားအသင်းက အပြီးသတ် စာချုပ်ဖို့ စီစဉ်နေပြီး အာဆင်နယ်ကတော့ ပေါင်သန်း (၂၀)အထိ လိုချင်နေတာပါ။

ဂျူဗင်တပ်စ် ။    ။ ဘိုလော့ဂ်နာအသင်း အားကစားဒါရိုက်တာ ဆာဘာတီနီ က ဂျူဗင်တပ်စ်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမား ရီကာဒို အော်ဆိုလီနီ ရဲ့ လက်ရှိတန်ကြေးဟာ ယူရိုသန်း(၇၀)လောက် ရှိနေပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အသက် (၂၃)နှစ်အရွယ် တောင်ပံကစားသမားလေးဟာ အီတလီရဲ့ သက်တမ်းလိုက် လက်ရွေးစင်အသင်းတွေမှာ ၀င်ရောက်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး အီတလီ လက်ရွေးစင်အသင်းအတွက်လည်း ကစားပေးခဲ့ဖူးပါတယ်။

READ
ဘောလုံးလောကရဲ့ အကောင်းဆုံးဂိုး(၁၀၀)

Linn

Source : TheSun , Goal , Mirror

SHARE