၈-၂-၂၀၂၀ အတွက် ညနေခင်းဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

ရွှေဖိနပ်ဆု ။     ။ ပရီးမီးယားလိဂ်ရဲ့ ဒီရာသီ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုအတွက် အလေးပေးမှုစာရင်းမှာ မန်စီးတီးအသင်းတိုက်စစ်မှူး အဂွီရို ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် လက်စတာတိုက်စစ်မှူး ဗာဒီက (၁၇)ဂိုးနဲ့ ဦးဆောင်နေပြီး အဂွီရိုက သွင်းဂိုး (၁၆)ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။ အဲဒီနောက်မှာတော့ လီဗာပူးလ်တိုက်စစ်မှူး ဆာလက်၊ မန်ယူရဲ့ ရက်ရှ်ဖို့ဒ်နဲ့ အာဆင်နယ်ရဲ့ အူဘာမီယန်း၊ ဆောက်သမ်တန်ရဲ့ ဒန်နီအင့်ဂ်တို့က သွင်းဂိုး (၁၄)ဂိုးစီနဲ့ လိုက်ပါနေကြပါတယ်။

မက်ဆီ ။         ။ ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ အဘီဒယ် ကို လူသိရှင်ကြား ဝေဖန်လိုက်ပြီးတဲ့နောက် ဘာစီလိုနာကနေ မက်ဆီ ထွက်ခွာဖို့ အနီးစပ်ဆုံးဖြစ်နေခဲ့ပြီလို့ Marca သတင်းစာက ဖော်ပြပါတယ်။ ဘာစီလိုနာအသင်းရဲ့ အ၀တ်လဲခန်းထဲမှာလည်း မက်ဆီနဲ့စီနီယာ ကစားသမားတွေရဲ့ လွှမ်းမိုးမှုက ကြီးမားနေတာကြောင့် နည်းပြတွေအနေနဲ့လည်း နည်းစနစ်ပိုင်းအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ Marca က ဖော်ပြပါတယ်။

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး အီဂါလိုနဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်တို့သာ ခြေစွမ်းမပြနိုင်ရင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ရှိနေတယ်လို့ Sky Sports ရဲ့ ကလောင်ရှင် ပေါလ်မာဆွန် က သုံးသပ်ပါတယ်။ မန်ယူအသင်းအမှုဆောင်ချုပ် ၀ုဒ်ဝါ့ဒ်အနေနဲ့ ကစားသမားသစ်တွေကို ခေါ်ယူပေးခဲ့ရခြင်းကြောင့် နည်းပြ ဆိုးလ်ရှားကို ဥရောပပြိုင်ပွဲဝင်ခွင့်အတွက် ဖိအားပေးလာတော့မှာဖြစ်ပြီး ရာထူးကနေ ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေတွေ ရှိလာလိမ့်မယ်လို့ မာဆွန် က သုံးသပ်လိုက်တာပါ။

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်ဟာ ဇန်န၀ါရီလရဲ့အကောင်းဆုံး ပရီးမီးယားလိဂ်နည်းပြဆုကို ဆွတ်ခူးသွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ မှတ်တမ်းတစ်ခုကို စိုက်ထူလိုက်ပါတယ်။ သြဂုတ်၊ စက်တင်ဘာ ၊ နိုဝင်ဘာနဲ့ အောက်တိုဘာလတွေမှာ အကောင်းဆုံးမန်နေဂျာဆု ဆွတ်ခူးထားခဲ့တဲ့ ကလော့ပ်အတွက် တစ်ရာသီအတွင်း အကောင်းဆုံးနည်းပြဆုကို (၅)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဂွာဒီယိုလာတင်ထားတဲ့ စံချိန်ကို ချိုးဖျက်ကာ စံချိန်သစ် တင်နိုင်ခဲ့တာပါ။

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းအနေနဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ကို ချိတ်ဆက်နေကြောင်း နည်းပြ ဂွာဒီယိုလာ က ၀န်ခံခဲ့ပေမယ့်လည်း သူ့အနေနဲ့ မက်ဆီ ကို ဘာစီလိုနာအသင်းမှာပဲ ဆက်ပြီး မြင်ချင်ပါတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဘာစီလိုနာအသင်းမှာ မပျော်တော့တဲ့ မက်ဆီ ကို မန်စီးတီးအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ဂွာဒီယိုလာကတော့ မက်ဆီဟာ ဘာစီလိုနာနဲ့ အသင့်တော်ဆုံးကစားသမားဖြစ်တယ်လို့ ပြောပြသွားခဲ့တာပါ။

Linn

READ
(၁၂-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : TheSun , Goal , Mirror

SHARE