၂၀-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "TalkSport"

လော်ရိုး ။        ။ ဘောလုံးပွဲသုံးသပ်သူတစ်ဦးဖြစ်တဲ့ လော်ရိုး က မန်ယူအသင်းဟာ ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၀က်စ်ဟမ်းကို အရှုံးပေးရလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ လော်ရိုးက ၀က်စ်ဟမ်းဟာ မန်ယူကို (၂-၁)ဂိုးနဲ့ နိုင်သွားမှာဖြစ်တယ်လို့ ခန့်မှန်းလိုက်ပြီး စပါးအသင်းကလည်း လက်စတာအသင်းရဲ့အိမ်ကွင်းမှာ အများဆုံး သရေသာရလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဒီတစ်ပတ်ရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်ပွဲစဉ်မှာတော့ အိမ်ရှင်ချယ်လ်ဆီးက (၀-၂)နဲ့ရှုံးသွားမယ်လို့ လော်ရိုးက ခန့်မှန်းပါတယ်။

ဒီဂီယာ ။         ။ မန်ယူအသင်းဂိုးသမား ဒီဂီယာ ဟာ အလီကန်တီနဲ့ မာဆီယာမြို့တွေက မုန်တိုင်းဒဏ်ခံနေရသူတွေအတွက် ယူရို(၂၀၀၀၀၀)လှူဒါန်းခဲ့ကြောင်း စပိန်ကြက်ခြေနီဌာန က အတည်ပြုလိုက်ပါတယ်။ မုန်တိုင်းကြောင့် ရေကြီးမှုတွေပါ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ပျောက်ဆုံးသူ (၇)ဦး ရှိနေတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။

 

ဆာကာ ။        ။ အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်း က ဖရန့်ဖတ်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး (၁)ဂိုး သွင်းယူပေးခဲ့တဲ့ တောင်ပံကစားသမားလေး ဆာကာ ကို ချီးကျူးလိုက်ပါတယ်။ အသက် (၁၈)နှစ်အရွယ် တောင်ပံကစားသမားလေးဟာ အာဆင်နယ်အသင်းအတွက် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး အူဘာမီယန်းက ဆာကာ ရဲ့ခြေစွမ်းဟာ အာဆင်နယ်အသင်းနဲ့ထိုက်တန်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ပက်ကီ ။         ။ နော်ဝှစ်ခ်ျအသင်းနဲ့အတူ ခြေစွမ်းပြပြီး ဂိုးတွေသွင်းနေတဲ့ တိုက်စစ်မှူး ပက်ကီ ဟာ ဖင်လန်နိုင်ငံရဲ့ သူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရပြီး ဖင်လန်ဝန်ကြီးချုပ်က ပက်ကီရဲ့ ဂျာစီကို အမှတ်တရလက်ဆောင်တစ်ခုလို သဘောထားခဲ့တာပါ။ ပြင်သစ်သမ္မတမက်ခရွန်နဲ့ ဖင်လန်ဝန်ကြီးချုပ်တို့တွေ့ဆုံပွဲမှာ ဖင်လန်ဝန်ကြီးချုပ် ရင်နေး က ပက်ကီရဲ့ ဂျာစီအင်္ကျီကို လက်ဆောင်အဖြစ် မက်ခရွန်ကို ပေးခဲ့တာဖြစ်ပြီး ပက်ကီဟာ သူတို့နိုင်ငံအတွက် ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။

READ
၁၃-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက မနေ့ညက ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဖရက်ဒ်ဟာ မန်ယူအသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။ ပေါ့ဂ်ဘာရဲ့ဒဏ်ရာသက်သာမှုမရှိဘူးဆိုရင် ဖရက်ဒ်ကို ပွဲထွက်ခွင့်ပေးဖို့အတွက် နည်းပြ ဆိုးလ်ရှားက စီစဉ်နေပြီး ဘရာဇီးကွင်းလယ်လူရဲ့ ကစားပုံဟာ တဖြည်းဖြည်း ပိုမိုကောင်းမွန်လာတယ်လို့ ဆိုးလ်ရှားက မှတ်ချက်ပေးပါတယ်။

READ
၁၂-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ ဘောလုံးသမိုင်းကြောင်းတစ်လျှောက်မှာ ၀င်ငွေ ယူရို(၁)ဘီလီယံ ရရှိတဲ့ ပထမဆုံးကလပ်အဖြစ် မှတ်တမ်းဝင်သွားဖို့ရှိနေပါပြီ။ ဘာစီလိုနာအသင်းရဲ့ တရားဝင်ထုတ်ပြန်ကြေညာချက်ထဲမှာ ပြီးခဲ့တဲ့ရာသီတုန်းက ဘာစီလိုနာရဲ့ဝင်ငွေဟာ ယူရိုသန်း(၉၉၀)ရှိကြောင်း နဲ့ ဒီရာသီမှာ ယူရို(၁)ဘီလီယံ ကျော်သွားမှာဖြစ်ကြောင်း ဖော်ပြသွားခဲ့တာပါ။ ဘာစီလိုနာအမှုဆောင်ချုပ် ဂရာရူ က ဒီဝင်ငွေပမာဏဟာ ဘောလုံးကလပ်တွေထဲမှာ စံချိန်တင်သွားမယ့် ပမာဏမျိုးဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE