၅-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ဒီနေ့ည ရင်ဆိုင်ရမယ့် လက်စတာ အသင်းဟာ လက်ရှိခြေစွမ်းအရ မန်ယူ၊ ချယ်လ်ဆီးတို့ထက် ကောင်းတဲ့အသင်းဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်ယူတစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယားရဲ့အဆင့်(၃)နေရာမှာ ရပ်တည်နေတဲ့ လက်စတာရဲ့ခြေစွမ်းကို လီဗာပူးလ်အသင်းသားတွေ လျော့တွက်ဖို့ မဖြစ်နိုင်ဘူးလို့ ကလော့ပ်က ၀န်ခံသွားခဲ့ပါတယ်။

ဆွန်ဟောင်မင် ။ ။ စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင် ရဲ့ အေးဂျင့်ဖြစ်သူက ဆွန်ဟောင်မင် အနေနဲ့ စီးရီးအေကလပ် နာပိုလီအသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဖြစ်လာနိုင်ချေရှိတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ လေဗာကူဆင်အသင်းကနေ စပါးအသင်းဆီ (၂၀၁၅)ခုနှစ်က ပြောင်းရွှေ့လာခဲ့တဲ့ ဆွန်ဟောင်မင် ဟာ စပါးအသင်းအတွက် သွင်းဂိုး(၇၀)အထိ သွင်းပေးထားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီတုန်းက  အသင်းတိုက်စစ်အတွက် အရေးပါတဲ့အစိတ်အပိုင်းအဖြစ်ရှိနေခဲ့တာပါ။

 

ကိုစီယယ်နီ ။    ။ အာဆင်နယ်အသင်းနောက်ခံကစားသမား ကိုစီယယ်နီ က သူ့အနေနဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ခြင်းဟာ အီယန်ရိုက် ရဲ့ မှတ်ချက်စကားကို အရှက်ရမိတာကြောင့်ဖြစ်ကြောင်းဖွင့်ဟလိုက်ပါတယ်။ အာဆင်နယ်အသင်းကစားသမားဟောင်း အီယန်ရိုက် က  ကိုစီယယ်နီဟာ ဒဏ်ရာမကြာခဏရနေတတ်တဲ့အနေအထားနဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပြီး အဲဒီမှတ်ချက်စကားကြောင့် အသင်းကနေ ထွက်ခွာဖို့ဖြစ်လာခဲ့တယ်လို့  ကိုစီယယ်နီက ဖွင့်ဟ၀န်ခံခဲ့တာပါ။

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းဟာ အသင်းသားတွေအနေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ခွင့်မတိုင်ပဲ ပျက်ကွက်ခဲ့ရင် ဒဏ်ငွေ ယူရို (၃၀၀၀)အထိ ပေးဆောင်ဖို့ သတ်မှတ်ထားကြောင်း Marca က ဖော်ပြပါတယ်။ လေ့ကျင့်ရေးကွင်းဆီ (၁၅)မိနစ်ထက် ပိုနောက်ကျပြီးမှ ရောက်လာရင် ယူရို(၅၀၀) ဒဏ်ကြေးသတ်မှတ်ထားကြောင်းနဲ့ (၅)မိနစ်နောက်ကျရင် ယူရို(၂၅၀)ပေးဆောင်ဖို့ သတ်မှတ်ထားကြောင်း Marca က  ဖော်ပြသွားခဲ့ပါတယ်။

အေဗရာဟင် ။  ။ ချယ်လ်ဆီးအသင်းတိုက်စစ်မှူးဟောင်း ဟက်ဆယ်ဘိန့် က အသင်းရဲ့လူငယ်တိုက်စစ်မှူး အေဗရာဟင်အနေနဲ့ အင်္ဂလန်အသင်းမှာ ပွဲထွက်နိုင်ဖို့ ဟယ်ရီကိန်းကို ကျော်ဖြတ်ပြရမှာဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြနေပြီး ဒရော့ဂ်ဘာ လက်သစ်လို့တောင် ချီးကျူးခံထားရတဲ့လူငယ်တိုက်စစ်မှူးအနေနဲ့ ဟယ်ရီကိန်းရဲ့နေရာကို အရယူဖို့အတွက် အခွင့်အရေးတွေကို အသုံးချဖို့လိုကြောင်း ဟက်ဆယ်ဘိန့်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
(၂၅-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မာတီနယ်လီ ။   ။ အာဆင်နယ်အသင်းရဲ့လူငယ်တိုက်စစ်မှူး မာတီနယ်လီ ဟာ ယူရိုပါလိဂ်တစ်ပတ်တာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ စတန်းဒတ်လိဂ်အသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ပေးခဲ့တဲ့ မာတီနယ်လီဟာ ရာဖေးလ်ဖော်စတာ၊ အယ်ယွန်နော့စီနဲ့ မာလန်းတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတာပါ။

Linn

Source : TheSun , Goal , Mirror

SHARE