၅-၁၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဆာလက် ။      ။ လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျ က အဲဗာတန်အသင်းကို (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို တိုက်စစ်မှူး ဆာလက် တစ်ယောက် မကျေမနပ်ဖြစ်နေမှာ ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်နေခဲ့ရပြီး လူစားဝင်ကစားခွင့်တောင် မရခဲ့တဲ့ ဆာလက် အနေနဲ့ တစ်ကိုယ်ကောင်းမဆန်ပဲ ကစားခဲ့ကြပြီး၊ နိုင်ပွဲရယူခဲ့ကြတဲ့ အသင်းဖော်တွေကိုကြည့်ရင်း ဒေါသထွက်နေလိမ့်မယ်လို့ ခရော့ခ်ျက မှတ်ချက်ပေးလိုက်တာပါ။ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ဟာ အဲဒီပွဲစဉ်မှာ အိုရီဂီ ကို အထောင်တိုက်စစ်အဖြစ် ပွဲထွက်စေခဲ့ပြီး လယ်လာနာ ၊ ရှာကွီရီ တို့ကို ပွဲထွက်ကစားသမားတွေအဖြစ် ထည့်သွင်းကစားစေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်စ်နောက်ခံလူ ဒီမီရယ် ကို ခေါ်ယူနိုင်ဖို့အတွက် ဘယ်လာရင် ကို ရောင်းချသွားဖို့ရှိနေကြောင်း Dailymail ကဖော်ပြပါတယ်။ အာဆင်နယ်အသင်းရဲ့ အဓိက ခံစစ်ကစားသမားအဖြစ် ရှိနေပေမယ့်လည်း မကြာခဏ ဒဏ်ရာရတတ်တဲ့ အခြေအနေတွေကြောင့် အာဆင်နယ်ဟာ ဘယ်လာရင် ကို ရောင်းချချင်နေတာဖြစ်ပြီး မာကျောတဲ့ခံစစ်မှူး ဒီမီရယ် ကို အစားထိုး ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာပါ။

 

ဘက်ပီ ။         ။ ရီးယဲလ်အသင်းဟာ PSG အသင်းတိုက်စစ်မှူး ဘက်ပီ ကို ခေါ်ယူဖို့ ကြိုးစားလာနေပြီး ကစားသမားအလိုက်ပေးမှုတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ AS က ဖော်ပြပါတယ်။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းဟာ အသင်းကစားပုံနဲ့ အံမ၀င်တဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေကို အပြောင်းအရွှေ့အတွက်အသုံးပြု သွားမှာဖြစ်ပြီး ဗီနီးစီးယပ်စ်ဂျူနီယာ ဟာ ရီးယဲလ်ကနေ ထွက်ခွာသွားဖို့ အနီးစပ်ဆုံးဖြစ်နေပါတယ်။ ဇီဒန်းဟာ တိုက်စစ်အတွက် ဘက်ပီ ကိုခေါ်ယူအားဖြည့်ပေးဖို့ အသင်းဥက္ကဌ ပီရက်ဇ်ကို တောင်းဆိုထားတယ်လို့ သတင်းတွေ ထွက်နေခဲ့ပြီး PSG ဖက်ကတော့ တုန့်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

ကာဗာနီ ။        ။ PSG အသင်းနည်းပြ သောမတ်တူချယ် က အသင်းမှာ ပွဲထွက်ခွင့်နည်းပါးနေတဲ့ ကာဗာနီ ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဒီရာသီကုန်ရင် PSG နဲ့ စာချုပ်ကုန်ဆုံးပြီး အသင်းကနေ ထွက်ခွာတော့မယ့် ကာဗာနီ ဟာ ဂိုးပေါက်ပျောက်နေခဲ့တာကြောင့် အရန်ခုံမှာသာ ထိုင်နေခဲ့ရပြီး နန့်တက်စ်အသင်းကို (၂-၀)နဲ့ ကစားခဲ့တဲ့ မနေ့ညက ပွဲစဉ်မှာလည်း ပွဲထွက်ခွင့် မရခဲ့ပါဘူး။

အန်ဆယ်လော့တီ ။      ။ နာပိုလီအသင်းဥက္ကဌ လော်ရန်းတစ် က သူ့အနေနဲ့ အသင်းနည်းပြ အန်ဆယ်လော့တီ ကို ထုတ်ပယ်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ ဂတ်တူဆို ကို နည်းပြ ရာထူးအတွက်ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေဟာလည်း ကောလာဟလတွေသာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ လော်ရန်တစ်နဲ့ အန်ဆယ်လော့တီ တို့ဟာ ဆက်ဆံရေးအဆင်မပြေတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပြီး နည်းပြရာထူးအပြောင်းအလဲ လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့လို့ လော်ရန်တစ် က ပြန်လည်ဖြေရှင်းသွားခဲ့တာပါ။

READ
၇-၈-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဆီမြွန်နီ ။        ။ အက်သလက်တီကိုအသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီဖြစ်တဲ့ နည်းပြ ဆီမြွန်နီ ဟာ အာဆင်နယ်အသင်းနည်းပြ ရာထူးအတွက် ရေပန်းစားလာခဲ့ပြန်ပါတယ်။ အာဆင်နယ်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြ ရာထူးအတွက် ဆီမြွန်နီ ကို ချိတ်ဆက်နေတယ်လို့ Mirror က ဖော်ပြခဲ့ပြီး ဆီမြွန်နီအနေနဲ့လည်း အင်္ဂလန်မြေကို ရောက်လာဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဆီမြွန်နီဟာ အက်သလက်တီကို အသင်းကို (၂၀၁၁)ခုနှစ်ကတည်းက တာဝန်ယူခဲ့တာဖြစ်ပြီး အသင်းအတွက် လာလီဂါဖလားတစ်ကြိမ်အပါအ၀င်ဆုဖလား (၇)လုံးကို ဆွတ်ခူးပေးထားနိုင်ခဲ့ပါတယ်။

Linn

Source : TheSun , Mirror , Goal

SHARE