၆-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မော်ရင်ဟို ။     ။ မန်ယူအသင်းနည်းပြ မော်ရင်ဟို က အသင်းမှာ ဘယ်လိုမျှော်လင့်ချက်မှထားလို့မရတဲ့ ကစားသမားအချို့ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းနဲ့ (၂) ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ မော်ရင်ဟိုက ဘိုင်လီ၊ ဒါလော့တို့အပါအ၀င် အသင်းကစားသမားအချို့နဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့ပြီး တချို့ကစားသမားတွေဆီမှာ ဘယ်တော့မှမျှော်လင့်လို့မရတဲ့အရာတွေ ရှိနေတယ်လို့ ပြောဆိုသွားခဲ့တာပါ။ မန်ယူအသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး (၄) ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။

အလစ်ဆွန် ။    ။ လီဗာပူးလ်အသင်းဂိုးသမား အလစ်ဆွန် ဟာ လီဗာပူးလ်အသင်းရဲ့ အဖွင့်ပွဲစဉ် (၁၅) ပွဲမှာ ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီး (၂၀၀၇)ခုနှစ်တုန်းက မာရှေယာနို တင်ခဲ့တဲ့ မှတ်တမ်းကို လိုက်မီသွားခဲ့ပါတယ်။ အလစ်ဆင်ဟာ အဲဒီပွဲစဉ် (၁၅) ပွဲမှာ ပေးဂိုး (၆) ဂိုးပဲ ပေးခဲ့ရပြီး (၉) ပွဲ Clean Sheet ရယူနိုင်ခဲ့တာမို့ သူ့အနေနဲ့ အသင်းမှာ အကောင်းဆုံး လက်စွမ်းပြနေနိုင်တယ်လို့ ပြောရမှာပါ။

READ
တိုက်စစ်မှူးလုံးဝမပါပဲ ချယ်လ်ဆီးကို ဒီညရင်ဆိုင်ရတော့မယ့် မော်ရင်ဟိုရဲ့မန်ယူ
(AP Photo/Darko Vojinovic)

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက အသင်းရဲ့ ရလဒ်ပိုင်းနဲ့ပတ်သက်ပြီး စိုးရိမ်နေရပြီဖြစ်တယ်လို့ ၀န်ခံသွားခဲ့ပါတယ်။ ၀ုဗ်အသင်းကို (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဆာရီက အသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့လည်း မေးခွန်းထုတ်ခဲ့ပြီး ဦးဆောင်ဂိုးရရှိအပြီးမှာ မတူညီတဲ့အသင်းတစ်သင်းအဖြစ် ပြောင်းလဲသွားခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ဆာရီက ကစားသမားတွေဟာ ပြိုင်ဖက်အသင်းကို ဦးဆောင်ဂိုးတစ်ဂိုးပေးလိုက်ရတဲ့ပွဲမျိုးတွေမှာ စိတ်ဓာတ်အပြည့်နဲ့ လိုက်လံချေပပြီး အနိုင်ယူတတ်ကြပေမယ့် ကိုယ်က ဦးဆောင်ဂိုးရတဲ့ပွဲမျိုးတွေဆိုရင် ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ကြတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

(AP Photo/Rui Vieira)

ဘာနာဒိုဆေးလ်ဗား ။    ။ မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ဒီဇင်ဘာ ပွဲကျပ်ကာလမှာ အမှားအယွင်းတစ်စုံတစ်ရာမလုပ်မိကြဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပြီး နိုင်ပွဲတွေကို ဆက်လက်ရယူကြဖို့ အမှာစကားပါးလိုက်ပါတယ်။ မန်စီးတီးဟာ ဒီဇင်ဘာလထဲမှာ ချယ်လ်ဆီး၊ အဲဗာတန်၊ ပဲလေ့စ်၊ လက်စတာနဲ့ ဆောက်သမ်တန်အသင်းတွေကို ရင်ဆိုင်သွားရမှာဖြစ်ပြီး အသင်းဖော်တွေအနေနဲ့ အကောင်းဆုံးကြိုးစားကြဖို့ တိုက်တွန်းလိုက်တာပါ။

မက်ဒရစ် ။       ။ ဒီဇင်ဘာ(၉) ရက်နေ့မှာ ပြုလုပ်မယ့် ကိုပါ လီဘာတာဒိုးစ်ဗိုလ်လုပွဲစဉ်ကြောင့် မက်ဒရစ်မြို့အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ယူရို (၂၅)သန်းလောက် ၀င်ငွေရနိုင်တယ်လို့ AS သတင်းစာက ဖော်ပြပါတယ်။ ရေးဗားပလိတ်နဲ့ ဘိုကာဂျူနီယာအသင်းတို့ ယှဉ်ပြိုင်ကြမယ့် ဒီပွဲစဉ်ကို လာရောက်ကြမယ့် ပရိသတ်တွေကြောင့် မက်ဒရစ်မြို့ထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အမြတ်အစွန်းအများကြီး ရရှိဖို့ရှိနေပြီး ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
(၂၅-၂-၁၈) အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter

လီဂူး(၁) ။       ။ ပြင်သစ်နိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေကြောင့် ဒီဇင်ဘာ (၈) ရက်နေ့မှာ ကစားမယ့် လီဂူး(၁) ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။ လောင်စာဆီဈေးတက်မှု၊ လူနေမှုစရိတ်တွေမြင့်မားမှု စတာတွေကြောင့် ပြင်သစ်နိုင်ငံမှာဆန္ဒပြပွဲကြီး ဖြစ်ပွားနေပြီး PSGနဲ့ မောင့်ပယ်လီယာ ၊ လိုင်ယွန်နဲ့ တူးလော့စ် အသင်းပွဲစဉ်တွေကို ရွှေ့ဆိုင်းသွားမှာဖြစ်ပါတယ်။ နာမည်ကျော်ဘောလုံးသမားတွေအနေနဲ့လည်း ပြင်သစ်နိုင်ငံတွင်း အခြေအနေတွေကြောင့် စိတ်ရှုပ်နေကြတယ်လို့ AFP သတင်းဌာနက ဖော်ပြခဲ့ပြီး ကလပ်အသင်းတွေအနေနဲ့ လေ့ကျင့်မှုတွေကိုတော့ ပုံမှန်အတိုင်းဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Linn

Source : TheSun , Mirror , AS

 

SHARE