လိုပီတီဂီ ။ ။ ရီးယဲလ်အသင်းနည်းပြ လိုပီတီဂီ က အသင်းရဲ့ လက်ရှိရလဒ်ပိုင်း ဆိုးရွားနေပေမယ့်လည်း ရာထူးအတွက် စိတ်မပူဘူးလို့ ပြောဆိုလိုက်ပါတယ်။ ရီးယဲလ်အသင်းဟာ ပြိုင်ပွဲစုံ (၄) ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး အဲဒီ (၄) ပွဲမှာ သွင်းဂိုး တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိတဲ့ အနေအထားက လိုပီတီဂီအတွက် အကျပ်အတည်းဖြစ်လာစေခဲ့ပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ (၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေခြင်းဟာ (၁၉၈၅) ခုနှစ်နောက်ပိုင်း အကြာရှည်ဆုံး ဂိုးပေါက်ပျောက်ဆုံးမှု ဖြစ်လာခဲ့ပြီး (၆)နာရီနဲ့ (၄၉)မိနစ်ကြာအောင် ဂိုးပေါက်ပျောက်နေခဲ့တာပါ။ လိုပီတီဂီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရီးယဲလ်တာဝန်ရှိသူတွေက ဆွေးနွေးမှုတွေ ပြုလုပ်နေကြကာ ဒီနေ့ ဆုံးဖြတ်ပေးသွားမယ်လို့လည်း Marca သတင်းစာက ဖော်ပြပါတယ်။
ဆီမြွန်နီ ။ ။ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက လာလီဂါပြိုင်ပွဲဟာ ဒီနှစ်မှာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာကြောင်းနဲ့ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ရဲ့ ရုန်းကန်နေရမှုတွေက ပြိုင်ပွဲကို ပိုမိုအသက်ဝင်လာစေခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီတစ်ပတ် လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာရော၊ ရီးယဲလ်ပါ ထပ်မံ နိုင်ပွဲပျောက်ခဲ့ပြီးတဲ့နောက် လာလီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဆီးဗီးလားအသင်းက ရမှတ် (၁၆) မှတ်နဲ့ ဦးဆောင်နေခဲ့ပြီး ဘာစီလိုနာ၊ အက်သလက် တို့က ရမှတ်တူ (၁၅)မှတ်စီနဲ့ ဒုတိယ၊ တတိယနေရာတွေမှာ ရပ်တည်နေကြပါတယ်။

ပီယာတက်ခ် ။ ။ ဂျီနိုအာအသင်းရဲ့ တိုက်စစ်မှူး ပီယာတက်ခ်ဟာ မနေ့က ကစားခဲ့တဲ့ ပါးမားအသင်းနဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက် စီးရီးအေ အဖွင့်ပွဲ (၇) ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ် ပိုလန်တိုက်စစ်မှူးဟာ အီတလီအသင်းတိုက်စစ်မှူး ဗီယာရီရဲ့ စံချိန်ကို လိုက်မှီခဲ့တာဖြစ်ပြီး ဗီယာရီ ဟာ (၂၀၀၂-၀၃) ဘောလုံးရာသီမှာ အင်တာအသင်းအတွက် စီးရီးအေအဖွင့်ပွဲ (၇) ပွဲဆက် ဂိုးသွင်းယူပေးခဲ့တာပါ။

အာဆင်နယ် ။ ။ အာဆင်နယ်အသင်းဟာ ဂျာစီစပွန်ဆာ ကုမ္ပဏီသစ်အဖြစ် Adidas နဲ့ ပေါင် သန်း(၃၀၀)တန် စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ လာမယ့်နှစ် ဇူလိုင်(၁) ရက်နေ့ကနေ စတင် အကျုံးဝင်မယ့် စာချုပ်သစ်ဟာ (၅) နှစ်သက်တမ်းရှိတဲ့ စာချုပ်ဖြစ်ပြီး တစ်နှစ်ကို ပေါင် သန်း (၆၀) ရရှိမှာ ဖြစ်တာကြောင့် နည်းပြ အမ်မရီရဲ့ လက်ထက်၊ အာဆင်နယ်အသင်းမှာ ကမ္ဘာ့အဆင့် ကစားသမားတွေကို ထပ်မံ မြင်တွေ့ရဖို့ ရှိနေတာပဲဖြစ်ပါ တယ်။
ဘာကလေ ။ ။ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘာကလေ က ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အမှန်တကယ်စိန်ခေါ်နေပြီဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆာရီရဲ့ လက်ထက်မှာ ဆက်တိုက်နိုင်ပွဲတွေရရှိနေပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၂) နေရာကို ရောက်ရှိလာပြီဖြစ်တဲ့ ချယ်လ်ဆီးဟာ လီဗာပူးလ်၊ မန်စီးတီးတို့နည်းတူ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်နိုင်တဲ့အနေအထားကိုရောက်လာခဲ့တာပါ။ ဆာရီကတော့ ချယ်လ်ဆီးဟာ ချန်ပီယံဆုအကြောင်းပြောဖို့ စောသေးတယ်လို့ ၀န်ခံသွားပြီး အသင်းသားတွေအနေနဲ့ တစ်ပွဲချင်းစီကိုသာ အာရုံစိုက်ကြဖို့ သတိပေးလိုက်ပါတယ်။

ကလော့ပ် ။ ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ဥရောပဘောလုံးအဖွဲ့ချုပ်က ဖန်တီးထားတဲ့ Nations League ပြိုင်ပွဲဟာ ကစားသမားတွေကို ဒဏ်ရာရစေရုံကလွဲလို့ ဘာမှ အဓိပ္ပာယ်မရှိတဲ့ပြိုင်ပွဲ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ ကလော့ပ်က ကစားသမားတွေဟာ လိဂ်ပြိုင်ပွဲနဲ့ အခြားဥရောပ ပြိုင်ပွဲတွေကြောင့် ပွဲပန်းနေရချိန်မှာ ဒီပြိုင်ပွဲကြောင့် ပိုပြီး ပင်ပန်းရသလို ဒဏ်ရာရနိုင်ခြေလည်း ပိုများတယ်လို့ ထောက်ပြဝေဖန်လိုက်တာပါ။
Linn
Source : Dailymail , TheSun , Goal