အောင်မြင်မှုအတွက် အတွေ့အကြုံတွေကနေ သင်ကြားပေးနိုင်မယ့် ဘဝသင်ခန်းစာ ၅ ခု

Image by Pexels from Pixabay

နေ့စဉ်ရှင်သန်ရုန်းကန်ရခြင်းတွေမှာ အမှားတစ်ခုခုတော့ လူတိုင်း ကြုံတွေ့ကြမှာပါပဲ။ ပြင်လို့မရတဲ့ အမှားနဲ့ပြင်လို့မရတဲ့ အမှားရယ်လို့ အပေါ့အလေးကွာခြားတာပဲရှိမယ်။ တကယ်တော့ အမှားနဲ့ကင်းတဲ့ လူရယ်လို့မရှိ ဆိုတဲ့ စကားတွေပါ ထွက်လာခဲ့တာပါပဲ။ တကယ်တော့ အမှားဆိုတာ ခါးသီးပါတယ်။ ဒါပေမယ့် အဲဒီအမှားတွေကနေပဲ လူ့ဘဝအတွက် အကောင်းဆုံးသင်ခန်းစာဆိုတာကို သယ်ဆောင်လာစမြဲပါပဲ။ အသက်ကြီးလာလေလေ အမှားများလေလေ အတွေ့အကြုံများလေလေပါပဲ။ ဒီလို ဘဝနဲ့ ရင်းပြီး ရလာခဲ့တဲ့ သင်ခန်းစာတချို့ကို ဖော်ပြလိုက်ပါတယ်။

(၁) ကျောင်းတွေ၊ သင်တန်းတွေက အကုန်သင်မပေးနိုင်ပါဘူး

ပညာရပ်တစ်ခုခုကို တတ်မြောက်မယ်၊ ရချင်တယ်ဆိုတဲ့စိတ်နဲ့ တက်ခဲ့ရတဲ့ ကျောင်းတွေ၊ သင်တန်းတွေဟာ အများကြီးပါပဲ။ အခုခေတ်လိုမျိုး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ခေတ်ကာလအနေအထားမှာဆိုရင် သင်တန်းကျောင်းတွေ၊ စာသင်ကျောင်းတွေဟာလည်း မှိုလိုပေါက်နေပါတယ်။ တကယ်တော့ အဲဒီကျောင်းတွေ၊ သင်တန်းတွေက မိမိလိုချင်တဲ့ ပညာရပ်တစ်ခုကို အကုန်လုံးသင်ပေးနိုင်ပါသလားဆိုတဲ့ မေးခွန်းတစ်ခုဖြစ်လာပါတယ်။

ကျောင်းပေါင်းများစွာ၊ သင်တန်းပေါင်းများစွာကို လိုက်တက်ပြီးမှ ရလာတဲ့ အတွေ့အကြုံ အရတော့ မိမိလိုချင်တဲ့ ပညာရပ်တစ်ခုကို ကျောင်းတွေ၊ သင်တန်းတွေက မသင်ကြားပေးနိုင်ပါဘူး။ ပြင်းပြတဲ့စိတ် ဆန္ဒတစ်ခုနဲ့ ပညာရပ်အပေါ်မှာ self-study သေချာလုပ်ပြီးမှသာ ကျောင်းတွေ၊ သင်တန်းတွေက သင်ကြားပေးလိုက်တဲ့ ပညာရပ် နှစ်ခုကို ပေါင်းစည်းမိမှာသာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းကိုင်မှာ ဖြစ်ပါတယ်။

Image by StockSnap from Pixabay

(၂) လူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ဂရုမစိုက်ပါနဲ့

ကိုယ်လုပ်နေတဲ့ အလုပ်ဖြစ်စေ၊ ကိုယ်ရောက်နေတဲ့ နေရာမှာပဲဖြစ်စေ ဘက်ပေါင်းစုံကနေ မဖိတ်ခေါ်ထားဘဲ ရောက်ရှိလာမှာက မိမိအပေါ် ဘေးလူတွေရဲ့အမြင်တွေ၊ အယူအဆတွေပဲ ဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင်က ပြောစကားတွေကို တွေးတော ခံစားနေဖို့ထက် သူတို့ကို လစ်လျူရှုကာ မိမိ လက်ရှိလုပ်နေတဲ့ အလုပ်အပေါ်မှာ အာရုံထားပြီး လုပ်ဆောင်သင့်ပါတယ်။

ကိုယ်ရဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ကို သွားတဲ့ နေရာမှာ ဘေးလူတွေရဲ့ထင်မြင်ယူဆချက်တွေဟာ အရေးမပါပါဘူး။

တကယ်တော့ ဘေးလူတွေရဲ့ ပြောစကားတွေကို နားထောင်နေမယ့် အစား ကိုယ့်စိတ်အတွင်းက ဖြစ်လာတဲ့ တွေးတောကြံစည်မှုတွေရဲ့ အသံကိုသာ ပိုလို့သာ နားထောင်သင့်တာပါပဲ။

(၃)ဘဝဆိုတာ တရားမျှတမှုမရှိဘူး

READ
နောက်ဆုံးအချိန်ထိ အသက်ရှင်သန်ဖို့ ကြိုးစားဆဲ သစ်ပင်များ

ငယ်ငယ်တုန်းက စာသင်ခန်းတွေထဲမှာ သင်ကြားခဲ့တဲ့ ပုံပြင်တွေ၊ ကဗျာတွေ၊ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေရဲ့ ဘဝကို ကြည့်ပြီး တကယ့်ဘဝဆိုတာ တရားမျှတပြီး ဖြူစင်မယ်လို့ လူတိုင်းလိုလို တွေးမိဖူးကြမှာပါပဲ။ တကယ့်လက်တွေ့ဘဝထဲကို နဖူးတွေ့၊ ဒူးတွေ့ ဝင်ရောက်လာတဲ့ အခါမျိုးမှာ ဘဝဆိုတာကြီးနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဘဝက ကျနော်တို့ကို စတင်နာကျင်အောင် ပြုလုပ်ပါတော့တယ်။ အိပ်မပျော်တာတွေ၊ စိတ်ဓာတ်ကျတာတွေ၊ လက်မြောက်အရှုံးပေးမှုတွေ၊ မတော်မတရားလုပ်မှုတွေ၊ ခေါင်းပုံဖြတ်ခြင်းတွေ၊ ကုန်းချောစကားတွေ၊ လိမ်ညာလှည့်ဖြားခြင်းတွေနဲ့ ရင်ဆိုင်လာရချိန်မှာ ဘဝဆိုတာ တရားမျှတတယ်။ တရားမျှတမှုရှိတယ်၊ ကိုယ်ချင်းစာစိတ်ရှိတယ်လို့ တွေးထားလို့ မရတော့ပါဘူး။

ရုပ်ရှင်တွေထဲမှာ လူဆိုးဖြစ်သူဟာ အမြဲရှုံးနိမ့်ပြီး မင်းသားက အမြဲနိုင်လေ့ရှိပေမယ့် တကယ့်လက်တွေ့ဘဝထဲမှာတော့ လူဆိုးတွေလည်း နိုင်နိုင်ပြီး ထိပ်ဆုံးမှာလည်း သူတို့ရှိနေတတ်ပါသေးတယ်။

Image by Małgorzata Tomczak from Pixabay

(၄) ကျရှုံးခြင်းဟာ လမ်းဆုံးမဟုတ်ပါ

လူတိုင်း လူတိုင်း ဘယ်သူမဆို ကျရှုံးမှုကို မလိုချင်ကြပါဘူး။ ကိုယ်လုပ်လိုက်တဲ့ အလုပ်ကိစ္စတိုင်း ကိစ္စတိုင်းကို အမြဲအောင်မြင်ချင်ကြတဲ့ လူတွေချည်းပါပဲ။ ငယ်ရွယ်သေးတဲ့ အရွယ်မှာတော့ ကျရှုံးခြင်းဟာ ခံရခက်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ ကျရှုံးခြင်းဟာ ပုံစံတစ်မျိုးအဖြစ်ပြောင်းလဲသွားသင့်ပါတယ်။ ဒုက္ခဆိုတာ မိမိရဲ့ အားနည်းချက်တွေကို  အရှိအတိုင်း ဖော်ထုတ်ပေးတဲ့ မိတ်ဆွေတစ်ဦးပါဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ လုပ်ငန်းမှာ တစ်ခုခုလုပ်လိုက်လို့ မအောင်မြင်ရင် ကျရှုံးသွားခဲ့ရင် လုပ်နေတဲ့ အလုပ်ကို ရပ်မပစ်လိုက်ပါနဲ့။ကျရှုံးခြင်းဟာ လမ်းဆုံးမဟုတ်ပါဘူး။ အခန့်မသင့်လို့ ရလာခဲ့တဲ့ ကျရှုံးခြင်းကို သေချာပြန်လည် စိစစ်ပြီး ကိုယ့်အတွက် အကောင်းဆုံးသင်ခန်းစာတွေ ထုတ်ယူလို့ရပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကိုလည်း ပြက်ပြက်ထင်ထင် မြင်လာမိစေမှာပါ။

(၅) ကျန်းမာရေးကို အမြဲဂရုစိုက်ပါ

READ
သင့်ရဲ့အကြွေးတွေကို အမြန်ဆုံးကြေသွားနိုင်မယ့် နည်းလမ်း(၆)မျိုး

မိမိရဲ့ ရည်ရွယ်ရာပန်းတိုင်ကို သွားဖို့အတွက် အမြဲ အတူတူ ရှိနေမယ့် ရဲဘော်ရဲဘက်ဆိုတာ သင့်ရဲ့ ကိုယ်ခန္ဓာပဲဖြစ်ပါတယ်။ မိမိရဲ့ ကိုယ်ခန္ဓာကျန်းမာရေုးကို ဂရုစိုက်ခြင်းက မိမိရဲ့ ပန်းတိုင်ဆီကို သွားရာလမ်းအတွက် များစွာ အထောက်အကူဖြစ်စေမှာပါ။ ငယ်စဉ်အချိန်တုန်းက ကျန်းမာရေးလိုက်စားခြင်းမရှိဘဲ ဖာသိဖာသာ နေခဲ့ခြင်းဟာ ငယ်ရွယ်စဉ်မှာပဲ ကောင်းပေမယ့် အသက်ကြီးလာတဲ့အခါမှာလည်း စိတ်အလိုလိုက်ခဲ့တဲ့ ဒဏ်တွေဟာ ပြန်ပေါ်လာတတ်ပါတယ်။

အယ်လ်ကိုဟောဓာတ်တွေများစွာ သောက်သုံးခဲ့လို့ရှိရင်ဖြစ်ဖြစ်၊ နီကိုတင်းဓာတ်တွေ များများ စုပ်ခဲ့လို့ပဲဖြစ်ဖြစ် အသက်ကြီးလာတဲ့အခါမှာ ကိုယ်ခန္ဓာအတွက် မကောင်းတဲ့ ရောဂါတွေကို ဖြစ်စေလာတတ်ပါတယ်။ ဒီလိုေ ရာဂါဆိုးတွေ ဖြစ်လာတဲ့အခါကျရင် မိမိမှာ ဘဝအတွက် ကြိုးစားချင်တဲ့စိတ်၊ ထိပ်ဆုံးရောက်ချင်တဲ့ စိတ်ခွန်အား ဘယ်လောက် ပြင်းပြသည် ထားဦး မိမိရဲ့ကိုယ်ခန္ဓာက မလိုက်နိုင်တော့တဲ့အခါမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကိုလည်း ဖြစ်စေမှာပါ။ ဒါကြောင့် မိမိရဲ့ ကျန်းမာရေးကို အမြဲ ဂရုစိုက်ပေးနေချင်းဟာ မိမိဘဝရဲ့ တက်လမ်းကို ရောက်ရှိနိုင်ဖို့အတွက်လည်း အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။။

Ye Yint Kyaw

SHARE