မျောက်ဝံတွေကို ၀တ်စုံဝတ်ပြီး လက်ဝှေ့ထိုးခိုင်းတဲ့ တိရစ္ဆာန်ရုံ အပိတ်ခံရဖို့ရှိ

ထိုင်းနိုင်ငံမှ တိရစ္ဆာန်ရုံတစ်ရုံဟာ “Orangutan boxing” အမည်ရ မျောက်ဝံနှစ်ကောင် လက်ဝှေ့ထိုးပွဲကိုကျင်းပပြီး ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေဆီက ငွေကြေးတွေနဲ့ စီးပွားရေးတွက်ခြေကိုက်လျက် ရှိနေပါတယ်။ အဆိုပါလက်ဝှေ့ပွဲဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ဆာဖာရီဝေါမှာ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

မျောက်ဝံနှစ်ကောင်ရဲ့လက်ဝှေ့ပွဲကိုမြင်ခဲ့တဲ့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက အခုအခါမှာ တိရစ္ဆာန်ရုံကိုပိတ်ပစ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ နိုင်ငံခြားသူတစ်ယောက်ကတော့ တိရစ္ဆာန်ရုံရဲ့ အသိဥာဏ်အဆင့် မနိမ့်တဲ့မျောက်တွေအပေါ် အလွှဲသုံးစားပြုမူ ဆက်ဆံတာနဲ့ပတ်သက်ပြီး ရှုံ့ချခဲ့ပါတယ်။

အဆိုပါနိုင်ငံခြားသူအမည်ကတော့ စမန်သာဖူလာဖြစ်ပြီး အမေရိကန်သူ ကျောင်းဆရာမတစ်ဦးပဲ ဖြစ်ပါတယ်။ စမန်သာဟာ ထိုင်းနိုင်ငံမှာလာ ရောက်အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူမက မျောက်ဝံတွေရဲ့ လက်ဝှေ့ပွဲအကြောင်းကို New York Post ကို အခုလိုပြောပြပါတယ်။ “မျောက်ဝံတွေက အသိဥာဏ်မြင့်တဲ့ သတ္တ၀ါတွေပါ။ ဒါကိုတိရစ္ဆာန်ရုံက သူတို့ကိုယ်ကျိုးအတွက် အသုံးချတယ်။ မျောက်ဝံတွေက သူတို့ကိုကြည့်ပြီး လူတွေကရယ်နေတာကို သူတို့သိတယ်။ ကျွန်မလည်း စိတ်မကောင်းဖြစ်လွန်းလို့ အိမ်ပြန်ရောက်တော့ စိတ်သက်သာရာရအောင် ရေစိမ်ချိုးလိုက်ရတယ်။”

READ
၂၅ ဒေါ်လာရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ဒေါ်လာ ၄ ထောင်ကျော်အမြတ်ရခဲ့တဲ့ဖြစ်ရပ်

မျောက်ဝံတွေဟာ ဥာဏ်ရည်အတော်လေးမြင့်မားကြပြီး စူးစမ်းတုံ့ပြန်မှုအားကောင်းတဲ့ သတ္တ၀ါတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ဒီအင်အေ(၉၇) ရာခိုင်နှုန်းလောက်က လူတွေနဲ့ ခပ်ဆင်ဆင်တူတာကြောင့် အခုလို ၀တ်စားဆင်ယင်ပြီး ရန်ဖြစ်ခိုင်းရမယ့်သတ္တ၀ါတွေမဟုတ်ဘူးလို့  အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ IFAW မှ တာဝန်ရှိသူကဆိုပါတယ်။

ကြိုးဝိုင်းထဲမှာ လက်ဝှေ့ထိုးရတဲ့ မျောက်ဝံနှစ်ကောင်တင် မကသေးပါဘူး။ တခြားမျောက်ဝံတွေကိုလည်း ဘီကီနီတွေဝတ်ပေးထားပြီး ပွဲစဉ်ဘုတ်ပြားတွေကို ကိုင်ထားစေခဲ့ကြောင်း သိရပါတယ်။ ဝေဖန်လေ့လာသူတွေကတော့ လက်ဝှေ့ရှိုးပွဲရဲ့နောက်ကွယ်မှာရှိတဲ့ တိရစ္ဆာန်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုအကြောင်းကို ထောက်ပြထားပါတယ်။ တိရစ္ဆာန်လေးတွေဟာ လူတွေရဲ့ တုတ်တွေနဲ့ရိုက်တာ၊ လျှပ်စစ်နဲ့ရှော့ခ်ရိုက်တာ၊ စီးကရက်မီးနဲ့တို့တဲ့ဒဏ်တွေကိုခံစားရပြီး အတင်းအကြပ် စေခိုင်းခံကြရကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Source: Dailymail

SHARE