မြင့်တက်လာတဲ့ အပူလှိုင်းအန္တရာယ်နဲ့ ပတ်သက်လို့ သတိထားသင့်ဖွယ်ဖြစ်ရပ်

ဒီရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံအများအပြားဟာ အယ်နီညိုအပူလှိုင်းဒဏ်အန္တရာယ်ကို ခံစားနေရပါတယ်။ ဒီထဲမှာ ထိုင်းနိုင်ငံဟာလည်း (၄၃) ဒီဂရီဆဲလ်စီးယက်စ်ထိရောက်တဲ့အထိ အပူဒဏ်ကို ခံစားနေရပါတယ်။ ပြင်းပြလွန်းတဲ့အပူရှိန်နဲ့အတူ အပူဒဏ်နဲ့ ဆက်စပ်ပတ်သက်ပြီး သတိပြုစရာတွေကလည်း အများကြီးရှိနေပါတယ်။ ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးကတော့ သူမရဲ့ မေ့လျော့မှုနဲ့ အပူရှိန်ပြင်းလွန်းတဲ့ ရာသီဥတုတို့ ပေါင်းစပ်လိုက်တဲ့အခါ သူမရဲ့ ပစ်ကပ်ထရပ်ကားလေးပျက်စီးခဲ့ရပုံကို ပြန်လည်ပြောပြခဲ့ပါတယ်။

nationmultimedia

ပြီးခဲ့တဲ့စနေနေ့တုန်းက ရှဲခဲ့တဲ့ သူမရဲ့ ပို့စ်မှာတော့ သူမဟာ ကားလေကာမှန်ဟာ လောင်ကျွမ်းပျက်စီးသွားခဲ့တာကို တွေ့ရပါတယ်။ အကြောင်းရင်းကတော့ ထိုအမျိုးသမီးဟာ သူမရဲ့မိုဘိုင်းဖုန်းကို ကားထဲမှာမေ့ပြီး ထားရစ်ခဲ့ပါတယ်။ အချိန်ကြာလာတော့ နေရောင်ခြည်ရဲ့ တိုက်ရိုက်ထိတွေ့ခံရတဲ့ ဖုန်းဟာ ပေါက်ကွဲပြီး ကားလေကာမှန်ကိုတောင် ကွဲထွက်တဲ့ထိအောင် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

nationmultimedia

လူတော်တော်များများက မိုဘိုင်းဖုန်းတွေကို နေရောင်ခြည်တိုက်ရိုက်ကျတဲ့နေရာတွေမှာ မထားသင့်ကြောင်း သတိပေးစာတွေကို ဖတ်ဖူးမှာပါ။ ဘာကြောင့်လဲဆိုတော့ နေရောင်ထဲမှာထားတဲ့အခါ အပူဒဏ်ကြောင့် အီလက်ထရောနစ်ပစ္စည်းတွေအနေနဲ့ အပူရှိန်မြင့်တက်လာပြီး ဘတ္ထရီပေါက်ကွဲမှုဖြစ်စေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းတွေ၊ ပါဝါဘန့်ခ်တွေနဲ့ အထူးသဖြင့် လီသီယမ် ဓာတ်ခဲထည့်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ မီးခြစ်တွေနဲ့ ဖြန်းဆေးဘူးတွေကို နေရောင်နဲ့တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ မထားသ့င်ပါဘူး။

READ
ဘောလုံးပွဲကြည့်ဖို့ မိုင်(၂,၀၀၀) ကျော်ဖြတ်သန်းလာခဲ့ပြီးမှ လက်မှတ်မေ့ကျန်ခဲ့တဲ့ အင်္ဂလန်ပရိသတ်
nationmultimedia

အခုလို နေပူပြင်းတဲ့အချိန်မှာ အီလက်ထရောနစ်ပစ္စည်းတွေရဲ့ အန္တရာယ်တွေတင်ရှိတာမဟုတ်ပါဘူး။ အပူလျှပ်ပြီး လူ့အသက်အန္တရာယ်ဖြစ်ပွားရတဲ့ သာဓကတွေလည်း ရှိနေပါသေးတယ်။ အထူးသဖြင့် အသက်(၅) နှစ်အောက် ကလေးငယ်တွေ၊ နာတာရှည်ရောဂါသည်တွေ၊ အ၀လွန်သူတွေ၊ ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်သူတွေနဲ့ အရက်သောက်သုံးသူတွေ၊ နေပူထဲမှာ အချိန်ကြာမြင့်စွာ အလုပ်လုပ်ရတဲ့သူတွေဟာ အပူလျှပ်နိုင်ခြေများပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝအောင် နေပြီး နေပူထဲ အချိန်အကြာကြီးထွက်နေတာကို ရှောင်ရှားသင့်ပါတယ်။

nationmultimedia

အပူလျှပ်တဲ့အခါ လူဟာ နွမ်းလျလာတာ၊ အစာစားချင်စိတ် ပျောက်ဆုံးလာတာ၊ မူးဝေအော့အန်တာ၊ ခေါင်းကိုက်တာ၊ သွေးပေါင်ကျတာတွေနဲ့ သတိလစ်မေ့မြောတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ အချိန်မီကုသမှုမခံယူနိုင်ခဲ့ရင် အပူလျှပ်ခြင်းဟာ လူကိုတောင် သေစေနိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ ရာသီဥတုပူပြင်းနေတဲ့အချိန်မှာ ရေဓာတ်ပြည့်ဝစွာ သောက်သုံးကြဖို့၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို ဂရုစိုက်ပေးကြဖို့နဲ့ လျှပ်စစ်ပစ္စည်းတွေကို နေရောင်အောက်မှာ အမှုမဲ့အမှတ်မဲ့ပစ်မထားကြမိစေဖို့ တိုက်တွန်းဖော်ပြလိုက်ရပါတယ်။

လင်းလင်း (ShweMom)

Ref: nationmultimedia

SHARE