အိမ်မှာနေရင်း အမိုက်စားစတန့်ပြကွက်တွေကြောင့် နာမည်ကြီးနေတဲ့ စက်ဘီးစီးသမား

[email protected]

COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မှာ လူတိုင်း အိမ်ထဲမှာချည်းပဲ အိမ်တွင်းပုန်းလုပ်နေကြရပါတယ်။ အချိန်ကြာလာတဲ့နဲ့အမျှ လူတိုင်းကတော့ အိမ်မှာနေရတာ တဖြည်းဖြည်းနဲ့ ပျင်းရိလာကြမှာ အမှန်ပါပဲ။ ဒါပေမယ့် အိမ်မှာနေရင်း ပျင်းရိလာတယ်ဆိုတဲ့ စကားက Fabio Wimber အတွက်တော့ မဟုတ်သလိုပါပဲ။ Fabio ဟာ လက်ရှိအချိန် အိမ်မှာနေရင်း သူဖန်တီးခဲ့တဲ့ စက်ဘီးစတန့်ပြကွက်တွေကြောင့် ဆိုရှယ်မီဒီယာမှာ တော်တော်နာမည်ကြီးနေကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ သြဇီစက်ဘီးစီးသမား Fabio ဟာ လက်ရှိ COVID 19 ဖြစ်နေတဲ့ အချိန် လူတိုင်းနေသလို အိမ်မှာပဲ နေနေရပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူ့ခြံရှင်းနေတုန်း စီးနေကျစက်ဘီးလေး ထောင်ထားတာကို တွေ့ရပါတယ်။ သူ့စိတ်ထဲမှာ စက်ဘီးဆိုဒီအတိုင်းထားဖို့ ဝယ်ထားတာမှ မဟုတ်တာဆိုတဲ့ အတွေးဝင်လာပြီးနောက်ပိုင်း အိမ်မှာ နေရင်း အမိုက်စားစက်ဘီးစတန့်ပြကွက်တွေကို ဖန်တီးဖို့ စိတ်ကူးရခဲ့ပါတယ်။

အခုဆိုရင်တော့ သူ့ရဲ့ အမိုက်စားစတန့်ပြကွက်တွေကို Instagram, Youtube အစရှိတဲ့ ဆိုရှယ်မီဒီယာတွေကနေ မကြာခဏ ဗီဒီယိုတင်လေ့ရှိပါတယ်။ အခုဆိုရင် ဗီဒီယိုတော်တော်များများဟာ ကြည့်ရှု့သူ ၁ သန်းကျော်ရှိနေပြီဖြစ်ပြီး လူတွေကလည်း သူ့ရဲ့ အမိုက်စား စတန့်ပြကွက်တွေကို တော်တော်ကြိုက်နှစ်သက်ပါတယ်။ လူကြိုက်အများဆုံးဗီဒီယိုကတော့ အဝတ်လျှော်စက်ပေါ်မှာ စက်ဘီးကို 360 ဒီဂရီလှည့်ပြတဲ့ စတန့်ပြကွက်ပဲ ဖြစ်ပါတယ်။

“လူတိုင်းက အဝတ်လျှော်စက်ကို အဝတ်လျှော်ဖို့ပဲ သုံးကြတာများပါတယ်။ ကျွန်တော်ကတော့ အဝတ်လျှော်စက်တင်မကပဲ တခြားပရိဘောဂပစ္စည်းတော်တော်များများကိုလည်း စတန့်ပြတဲ့နေရာမှာ သုံးလေ့ရှိပါတယ်။ ကျွန်တော်အတွက်တော့ လက်ရှိအိမ်မှာနေရတာ အမိုက်ဆုံးပဲ။ နေ့တိုင်းလိုလို မနက်အိပ်ရာနိုးတာနဲ့ ဘာစတန့်ပြကွက်အသစ်လုပ်ရမလဲပဲ တွေးနေမိပါတယ်” လို့ Fabio က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE