နည်းပညာနယ်ပယ်မှာပါ အသုံးဝင်နေတဲ့ ဂျပန်က လူရုပ်ပုံစံတူ မျက်နှာဖုံးများ

လူတွေရဲ့ မျက်နှာနဲ့ တစ်ပုံစံတည်း ဖြစ်အောင် ထုတ်လုပ်ထားတဲ့ မျက်နှာဖုံးတွေကို ဂျပန်နိုင်ငံရဲ့ နယ်ဘက်က ကုမ္ပဏီတစ်ခုမှာ တီထွင်နေပါတယ်။ အဆိုပါမျက်နှာဖုံးတွေဟာ နည်းပညာနဲ့ ဖျော်ဖြေရေးနယ်ပယ်တွေမှာ အသုံးဝင်တဲ့အတွက် ဂျပန်ပြည်တွင်းမှာပါ မဟုတ်ဘဲ ဆော်ဒီအာရေဗျလို နိုင်ငံမျိုးကပါ အော်ဒါမှာကြတယ်လို့ သိရပါတယ်။

လူတစ်ဦးရဲ့ မျက်နှာအတိုင်း ပုံစံတူ ထုတ်လုပ်ထားတဲ့ ထိုမျက်နှာဖုံးတွေကို REAL-f ဆိုတဲ့ ကုမ္ပဏီလေးကနေ ဝန်ထမ်းအင်အား ၅ ဦးနဲ့သာ ထုတ်လုပ်နေတာဖြစ်ပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေအထိ တစ်ထပ်တည်း ကျအောင် ပုံစံတူ ပြုလုပ်နိုင်တာဖြစ်ပြီး ကုမ္ပဏီတည်ထောင်သူ အိုဆာမူ ကီတာဂါဝါဟာ ပုံနှိပ်စက်ရုံလုပ်ငန်းမှာ လုပ်ကိုင်ရင်း ထိုမျက်နှာဖုံးတွေကို တီထွင်ဖို့ အကြံရခဲ့တယ်လို့ ဆိုပါတယ်။

REAL-f

ကီတာဂါဝါဟာ မျက်နှာပုံစံတူ မျက်နှာဖုံးထုတ်လုပ်နိုင်ဖို့ ၂ နှစ်ကြာ စမ်းသပ်ပြီးနောက် အောင်မြင်ခဲ့ပါတယ်။ လူမျက်နှာကို သုံးဖက်မြင်ပုံစံ ထုတ်လုပ်နိုင်ဖို့ ထိုလူရဲ့ HD ဓာတ်ပုံကို လိုအပ်ပြီး ထိုအခါမှ တိကျတဲ့ မျက်နှာပုံစံကို ရရှိနိုင်မှာကြောင့် ဖြစ်ပါတယ်။ မျက်နှာပုံစံတူ မျက်နှာဖုံးတွေကို ၂၀၁၁ ခုနှစ်က စတင်ထုတ်လုပ်လာတာဖြစ်ပြီး နှစ်စဉ် ပျှမ်းမျှ အခု ၁၀၀ ကျော် အော်ဒါလက်ခံရရှိတယ်လို့ သိရပါတယ်။ မျက်နှာဖုံးတစ်ခုရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂,၆၅၀ ဖြစ်ပါတယ်။

READ
Samsung နဲ့ iPhone ဘယ်ဖုန်းက ကျည်ဆံကိုပိုကာကွယ်နိုင်လဲ
REAL-f

မျက်နှာဖုံးတွေကို ဖျော်ဖြေရေး၊ နည်းပညာလောက၊ လုံခြုံရေးကုမ္ပဏီ၊ ကားကုမ္ပဏီ စတဲ့လုပ်ငန်းတွေမှာ အသုံးပြုဖို့ အော်ဒါမှာကြတာလို့ သိရပါတယ်။ ဥပမာအနေနဲ့ ကားကုမ္ပဏီတွေမှာဆိုရင် ကီတာဂါဝါဆီကနေ အိပ်နေတဲ့ မျက်နှာပုံစံတူကို အော်ဒါမှာတာဖြစ်ပြီး ဒရိုင်ဘာက ကားမောင်းရင်း အိပ်ပျော်နေလား ဆိုတာ စမ်းသပ်တဲ့ facial recognition မှာ အသုံးပြုတာဖြစ်ပါတယ်။ “ကျွန်တော့်ရဲ့ တီထွင်မှုတွေက မျက်နှာကို စစ်ဆေးတဲ့ နည်းပညာအတွက်မှာပါ အသုံးဝင်တဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ကီတာဂါဝါက ဆိုပါတယ်။ ဒါ့အပြင် ဆော်ဒီနိုင်ငံကနေလည်း တော်ဝင်မင်းသား မင်းသမီးတွေအတွက် မျက်နှာပုံစံတူ မျက်နှာဖုံး မှာတဲ့ အော်ဒါမျိုးတောင် လက်ခံရပါသေးတယ်။

REAL-f

ကီတာဂါဝါကတော့ သူ့ရဲ့ မျက်နှာဖုံးတွေကို အနာဂတ်မှာ ပိုကောင်းမွန်ပျော့ပျောင်းတဲ့ ဆီလီကွန် အသားနဲ့ပါ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပြီး ဆေးပညာအတွက်မှာပါ အထောက်အကူပေးနိုင်ဖို့လည်း ဆန္ဒရှိနေပါတယ်။ “လူပုံစံတူ စက်ရုပ်တွေကိုလည်း တီထွင်နေကြပြီမို့ ကျွန်တော့်ရဲ့ နည်းပညာက စက်ရုပ်တွေကို စရိတ်သက်သက်သာသာနဲ့ ထုတ်လုပ်တဲ့နေရာမှာ အထောက်အကူဖြစ်ဖို့လည်း မျှော်လင့်ပါတယ်” လို့ ကီတာဂါဝါက စက်ရုပ်ထုတ်လုပ်ရာမှာပါ အသုံးဝင်စေဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောခဲ့ပါတယ်။

READ
ပုံမှန်အမျိုးသမီးတွေလိုပင် ပထမဆုံး ရာသီလာနိုင်ပြီဖြစ်တဲ့ အမျိုးသမီးစက်ရုပ်များ

Ref: Reuters

SHARE