လူတစ်ဦးကနေ လူပေါင်းသောင်းချီအထိ ကူးစက်နိုင်တဲ့ ကိုဗစ်အကြောင်း ဆရာဝန်သတိပေး

(Channel 4/PA)

အရေးပေါ်လူနာတွေကို ပြုစုစောင့်ရှောက်ရတဲ့ ဆရာဝန်ကြီးတစ်ဦးက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတစ်ဦးကနေ လူပေါင်း (၅၉,၀၀၀) ကို ရောဂါပိုးပြန့်နှံ့စေနိုင်ပါတယ်လို့ သတိပေးခဲ့ပါတယ်။ အင်္ဂလန်မှာတော့ ယနေ့အချိန်ထိ သိရှိရသမျှဟာ ရောဂါပိုးကူးစက်ခံရသူပေါင်း (၈,၀၇၇) ယောက်ရှိပြီဖြစ်သလို သေဆုံးသူ (၄၂၂) ယောက်ရှိပြီဖြစ်ပါတယ်။

အင်္ဂလန်အစိုးရကတော့ ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကိုနှေးကွေးစေဖို့အတွက် လူတွေကို အိမ်ထဲမှာပဲ နေပေးကြဖို့ နှိုးဆော်ထားပါတယ်။ လန်ဒန်တက္ကသိုလ်ကောလိပ် အထူးကြပ်မတ်ကုသမှုဆိုင်ရာဆေးဌာနမှ ပရော်ဖက်ဆာဒေါက်တာ ဟူးမွန့်တ်ဂိုမေရီကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ သမားရိုးကျတုပ်ကွေးထက်စာရင် (၃) ဆပိုမိုကူးစက်ပြန့်နှံ့လွယ်တယ်လို့ ဆိုခဲ့ကြောင်း metro သတင်းက ဖော်ပြထားပါတယ်။

ဒေါက်တာ ဂိုမေရီက “ရိုးရိုးတုပ်ကွေးကတော့ ပျမ်းမျှအနေနဲ့ လူတစ်ယောက်၊ လူတစ်ယောက်ခွဲလောက်ပဲ ကူးတယ်။ ဒါကြောင့် (၁၀)ကြိမ် ကူးစက်ပြန့်နှံ့မှုဖြစ်ပွားရင် ကူးစက်ခံရတဲ့သူဦးရေဟာ (၁၄)ယောက်ဝန်းကျင်ပဲ ရှိမယ်။ ကိုရိုနာကတော့ ရိုးရိုးတုပ်ကွေးလိုမဟုတ်ပဲ ကူးစက်မှုနှုန်းများတယ်။ လူတစ်ယောက်ကနေ (၃) ယောက်ဆီကို ကူးစက်နိုင်တယ်။ ဒါပေမဲ့ အဲ့ဒီကူးစက်ခံရတဲ့ (၃) ယောက်က ထပ်ပြီး ဆင့်ကဲကူးစက်တာ (၁၀) ခေါက်လောက်ရှိပြီိဆိုရင်တော့ ရောဂါပိုးကူးစက်ခံရသူပေါင်းဟာ (၅၉,၀၀၀) လောက် ဖြစ်နေလိမ့်မယ်…” လို့ ဆိုပါတယ်။

READ
အသံတိတ်လူသတ်သမား သွေးတိုးရောဂါကို ဘယ်လိုအနိုင်ပိုင်းမလဲ …?

ဒါ့အပြင် ဒေါက်တာဂိုမေရီက တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပြီး ဗိုင်းရပ်စ်ကိုကာကွယ်ဖို့ လျစ်လျူရှုတဲ့သူတွေကိုလည်း ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။ “တကယ်ဖြစ်လာတဲ့အခါ မြင်ကွင်းက အရုပ်ဆိုးအကျည်းတန်လိမ့်မယ်နော်။ လူအများကြီး တစ်ပြုံတည်းဖြစ်လာတဲ့အခါ အခြေအနေတွေ ပိုဆိုးလိမ့်မယ်။ ဒီတော့ ဆေးရုံတွေမှာ ဖျားနာတဲ့သူနည်းနည်းပဲရှိတာ မကောင်းဘူးလား။ ရောဂါဖြစ်တဲ့သူ နည်းနည်းလေးဆိုရင် အထူးကြပ်မတ်ဆောင်က ဆရာဝန်တွေကလည်း သေချာကုသနိုင်မယ်။ ဖြစ်တယ်ဆိုရင်တောင် ရောဂါမြန်မြန်ပြန်ကောင်းဖို့ အခွင့်အရေးပိုများမယ်။ ပြီးတော့ နောက်ထပ် လူတွေအများကြီးရဲ့အသက်ကိုလည်း ကယ်နိုင်မယ်..”

ဒေါက်တာက “မှတ်ထားပါနော်။ ကျွန်တော်တို့ဆရာဝန်တွေအနေနဲ့ တတ်နိုင်သမျှက နာမကျန်းတဲ့သူတွေကို အိပ်ရာပေးမယ်၊ သူနာပြုစုခိုင်းမယ်၊ လုံလောက်တဲ့ဆေးပစ္စည်း ကိရိယာရှိအောင် စီမံပေးမယ်။ ဒီလောက်ပါပဲ။ တကယ်လို့များ ခင်ဗျားက ခင်ဗျားရောဂါပိုးကူးစက်ခံရလည်း ဂရုမစိုက်ဘူးလို့ စဉ်းစားရင် ဒါ တာဝန်မဲ့တာပဲဗျ။ ဒီရောဂါပိုးက ခင်ဗျားတစ်ယောက်တင်မဟုတ်ဘူး။ ခင်ဗျားနဲ့နီးစပ်သူတွေကိုလည်း ကူးစက်နိုင်တယ်ဆိုတာ သိထားသင့်တယ်…” လို့ ဆွေးနွေးခဲ့ပါသေးတယ်။

READ
ခြင်္သေ့ကို လက်နဲ့လှမ်းပုတ်ရာမှ၊ လက်ကို ခြင်္သေ့ကိုက်ခြင်း ခံခဲ့ရတဲ့ ရက်ဘီကစားသမား

လင်းလင်း (ShweMom)

SHARE