မှားယွင်းစွာအဖမ်းခံခဲ့ရတဲ့ သူတို့တွေရဲ့ ရင်နာစရာဘဝများအကြောင်း

Pixabay-qimono

ကိုယ်လည်းမလုပ်ထားတဲ့အရာတစ်ခုကို တစ်ယောက်ယောက်က ကိုယ့်ကိုမင်းလုပ်တယ်ဆိုပြီး လာစွပ်စွဲခဲ့မယ်ဆိုရင် ဘယ်လိုခံစားရမလဲ လူတိုင်းနီးပါးသိမှာပါ။ ဒါကို အစိုးရလိုနိုင်ငံအုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖက်က ခပ်ကြီးကြီးမှုခင်းတွေမှာ တရားခံပါဆိုပြီး စွပ်စွဲခံခဲ့ရတဲ့လူတွေဆိုရင်ရော။ ဒီလိုအမှုမျိုးတွေကမ္ဘာပေါ်မှာ အများကြီးရှိလို့နေပါတယ်။ လောလောလတ်လတ် ကျွန်တော်တို့နိုင်ငံမှာလည်း ဆင်တင်တင်အမှုမျိုးဖြစ်သွားခဲ့တာကြောင့် ကျွန်တော့်အနေနဲ့ ကမ္ဘာပေါ်မှာ ဒီလိုဖြစ်ရပ်မျိုးတွေရှိနေမလားလို့ ရှာမိလိုက်တဲ့အခါ အမှုပေါင်းသောင်းခြောက်ထောင်လောက်ထွက်လာခဲ့ပါတယ်။ မှားယွင်းစွာစွပ်စွဲခံရပြီး အဖမ်းခံခဲ့ရတဲ့အမှုတွေအများကြီးထဲကမှ ကမ္ဘာကျော်သွားခဲ့တဲ့အမှု ၅ ခုကို အခုလိုပဲကိုးကားဖော်ပြပေးလိုက်ပါတယ်။

(၁) သူ့နာမည်က ဂျွန်အိုနေးလ်။ အကြမ်းဖက်မှုကျူးလွန်တယ်၊ လူသတ်တယ်ဆိုပြီး အစွပ်စွဲခံရတာမှ ဂုဏ်ရှိဦးမယ်။ သူကတော့ အမျိုးသမီးပေါင်းများစွာကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်တယ်၊ ထိကပါးရိကပါးလုပ်ပါတယ်ဆိုပြီး အစွပ်စွဲခံခဲ့ရတာပါ။ ဖြစ်စဉ်ကတော့ ၂၀၁၄ ခုနှစ်မှာဖြစ်ပွားခဲ့တာပါ။ အသက် ၄၅ နှစ်အရွယ် ယောက်မြို့မှာနေထိုင်သူ ဗြိတိန်အမျိုးသား ဂျွန်အိုနေးလ်ဟာ ၂၀၁၄ ခုနှစ်တုန်းက သူရှိနေရာနေရာကို ရုတ်တရက်ရဲတွေရောက်လာခဲ့ပြီး အဓမ္မမှုနဲ့အင်သားသုံးဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပါတယ်။ အမှုစစ်တဲ့အခါမှာတော့ ဂျွန်အိုနေးလ်ရဲ့စိတ်ကျန်းမာရေးအခြေအနေကြောင့် တရားခံဖြစ်နိုင်ခြေပိုများခဲ့တယ်ဆိုပြီး ကောက်ချက်ချကာ တရားရင်ဆိုင်ရင်း ထောင် ၅ နှစ်ကျခဲ့ရပါတော့တယ်။ စိတ်ကျန်းမာရေးအခြေအနေဆိုတာကတော့ ဂျွန်ဟာ သူနဲ့ချစ်တင်းနှောတဲ့အမျိုးသမီးတိုင်းကို ကြမ်းကြမ်းရမ်းရမ်းပြုမူကာ နာကျဉ်အောင်လုပ်ကာမှ စိတ်ကျေနပ်မှုရှိတယ်ဆိုတဲ့ စိတ်အစွဲကြောင့် ကျန်းမာရေးဝန်ထမ်းနဲ့ ဆွေးနွေးကုသနေရတာပါ။

ဒီလိုဆေးနွေးတိုင်း ကျန်းမာရေးဝန်ထမ်းဆီမှာ ခရေစေ့တွင်းကျ ဂျွန်ပြောထားတာတွေ၊ တခြားလူတွေကို ဘယ်လိုမျိုး သတ်ချင်နေကြောင်း၊ တစ်ခါတစ်လေမှာ ဂျွန်ဟာစိတ်ဓာတ်ကျလွန်းနေပြီး ကိုယ်ကိုယ့်ကို သတ်သေဖို့ ကြံစည်ဖူးတာတွေအထိ မှတ်တမ်းတင်ထားတဲ့ လူနာမှတ်တမ်းတွေကတော့ သက်သေပေါ့။ ဒါနဲ့ အမှုဟာ ၂ နှစ်နီးပါးကြာသွားခဲ့ပြီး ဂျွန်ကတော့ တရားခံအစစ်မှဟုတ်ဘူးဆိုပြီး စာထွက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂျွန်အနေနဲ့ နောက်နောင် အမျိုးသမီးတစ်ယောက်ရဲ့ချစ်တင်းနှောတော့မယ်ဆိုတိုင်း စိတ်ရှိတိုင်းပြုမူလို့မရတော့ဘဲနဲ့ အဲဒီမတိုင်ခင် ၂၄ နာရီကြိုပြီး သက်ဆိုင်ရာကို ဘယ်သူဘယ်ဝါနဲ့ ဘယ်နေရာ၊ ဘယ်အချိန်မှာဆိုတာတွေအထိ အကြောင်းကြားပေးရပါမယ်တဲ့လေ။ တကယ်တော့ ဂျွန်နဲ့ ချစ်တင်းနှောခဲ့ဖူးသူအမျိုးသမီးအများစုကလည်း ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာကို သဘောကျခဲ့ကြတာပါ။ Daily Mail မှ ကိုးကားဖော်ပြလိုက်ပါတယ်။ 

(၂) မှားယွင်းစွာအစွပ်စွဲခံခဲ့ရတာကြောင့် သေဒဏ်အပေးခံခဲ့လိုက်ရတဲ့ အမျိုးသားတစ်ယောက်ရှိခဲ့ပါတယ်။ သူကတော့ Jack Alderman ပါတဲ့။ Jack ရဲ့အကြောင်းကို ဖတ်ခဲ့မိလို့ အခုချိန်အထိရင်ထဲမကောင်းဘူး။ ဖြစ်ပုံကတော့ ဒီလိုပါ။ John Brown ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ John Brown ကတော့ ဆေးသမား၊ အရက်သမား၊ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခဲ့ဖူးသလို အမျိုးသမီးတွေကိုလည်း အကြမ်းဖက်မှုတွေ လုပ်ခဲ့တဲ့ လူမိုက်တစ်ယောက်။  သူဟာ Jack Alderman ရဲ့ မိန်းမနဲ့ကလေးကို သတ်ခဲ့ပြီး ရဲတွေမိတဲ့အချိန်မှာတော့ သူနဲ့အတူတူ Jack Alderman လည်း အလိုတူအလိုပါပါဆိုပြီး လီဆယ်ကာပြောခဲ့ပါတယ်။

John Brown ကတော့ ရဲတွေနဲ့ပူးပေါင်းပြီး အမှုမှန်ဖော်ထုတ်ပေးတယ်၊ နောင်တလည်းရနေပြီဆိုပြီး လှည့်ဖျားခဲ့တဲ့အတွက် ထောင်ဒဏ် ၁၂ နှစ်သာ ကျခဲ့ပေမယ့်လို့ ဇနီးနဲ့ကလေးတို့ကို ဆုံးရှုံးခဲ့ရပြီး လူသတ်သမားကကြံရာပါအဖြစ်ဆွဲထည့်ခံခဲ့ရတဲ့ လူရိုးလူအေး Jack Alderman ကတော့ သေဒဏ်အဖြစ် ဂျော်ဂျီယာတရားရုံးမှ သတ်မှတ်ခဲ့ပါတော့တယ်။ ဒါကြောင့် Jack Alderman တစ်ယောက် ၂၀၀၈ ခုနှစ်မှာ လောကကြီးထဲက ခံပြင်းမှုတွေနဲ့ ထွက်ခွာခဲ့ရပြီး John Brown ကတော့ ထောင်ဒဏ် ၁၂ နှစ်ဆိုတဲ့အချိန်ကို ကျော်ဖြတ်ခဲ့ပြီး ထောင်ကနေ လွတ်လာလောက်ပါပြီ။ အခုအချိန်ကျမှ မီဒီယာတွေနဲ့ အမှုစစ်အသစ်တွေ ပြန်လည်စစ်ဆေးတဲ့အချိန်ကျကာမှ Jack Alderman ဟာ အပြစ်မရှိကြောင်း ပေါ်လွင်ကာ နာမည်ကို ဒုစရိုက်သမားစာရင်းထဲမှ ပယ်ဖျက်ခွင့်ရခဲ့ရပါတယ်။

READ
CCTVကင်မရာထဲမှာသရဲတွေ့ရှိခဲ့တဲ့ ကြက်သီးထဖွယ်အခိုက်အတန့်များ

(၃) နာမည်တူခြင်းဟာ လူတွေတော်တော်များများမှာ ဖြစ်ဖူးကြပေမယ့်လို့ Khaled El-Masri ဆိုတဲ့အမျိုးသားကတော့ ကမ္ဘာပေါ်မှာ ၂ ဦးထည်းရှိလောက်တဲ့ နာမည်ကို ပိုင်ဆိုင်ထားသူမလို့ ဘဝမှာစိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်နစ်နာမှုတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ ပြဿနာတွေစဖြစ်ခဲ့တာ ၂၀၀၃ ခုနှစ်မှာပေါ့။ ဂျာမန်သား Khaled El-Masri တစ်ယောက် Macedonia ဒေသမှာ တစ်ယောက်တည်းအပမ်းဖြေခရီးထွက်လာခဲ့ရင်း ဘတ်စ်ကားစီးနေခဲ့ပါတယ်။ ရုတ်တရက် ကားပေါ်ကို လူတစ်စုတက်လာကာ Khaled El-Masri ကို ဆွဲချ၊ ရဲလက်ကာ ထိန်းသိမ်းစေခဲ့ပါတယ်။ တကယ်တော့ Khaled El-Masri ကို နောက်ထပ် Khaled El-Masri နဲ့ လူမှားတာပါ။

သူတို့ထင်နေတဲ့ Khaled El-Masri ဆိုတာ အာဖရန်နစ္စကန်မှာနေထိုင်ပြီး အနောက်နိုင်ငံကလူတွေကို အကြမ်းဖက်ဖို့အတွက် လက်နှက်တွေ၊ ငွေကြေးတွေထောက်ပံ့ပေးနေတဲ့သူတစ်ဦးပါ။ အဲဒီအချိန်တုန်းကလည်း အဲဒီနိုင်ငံတွေကြားထဲ အရှုပ်အရှင်းတွေရှိနေတဲ့အချိန်ဆိုတော့ Khaled El-Masri ရဲ့ကိစ္စကို CIA မှ ၂၃ ရက်အတွင်းလက်လွှဲယူခဲ့ပါတယ်တဲ့။ CIA မတိုင်ခင်ကတည်းက Macedonia ထောင်မှာ အနှိပ်စက်ခံခဲ့ရတာ တစ်ရက်မှမပြတ်ခဲ့ပါဘူးတဲ့။ CIA လက်ထဲရောက်တဲ့အခါမှာလည်း အသက်ထွက်မတတ်အရိုက်နှက်ခံခဲ့ရပြီး အာဖဂန်နစ္စကန်ကိုပို့ပစ်ကာအမှုစစ်ခဲ့သေးပြီး အဲဒီကအစောင့်တွရဲ့ အမျိုးသားချင်းအဓမ္မကျင့်ခြင်းကိုလည်း ခံခဲ့တဲ့အထိကို ဆိုးရွားခဲ့တာပါ။ ၄ လအကြာမှာတော့ CIA ဖက်က သူတို့အနေနဲ့ လူမှားပြီးဖမ်းမိထားပြီဆိုတာလည်းသိရော အပြစ်မရှိတဲ့ Khaled El-Masri ကို Albania ရဲ့ လမ်းမပေါ်မှာ ပစ်ချသွားခဲ့ပါတော့တယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါမှောတာ့ Khaled El-Masri အနေနဲ့ Macedonian အစိုးရကို မှားယွင်းစွာဖမ်းစီးခဲ့မှုနဲ့ တရားစွဲတာ နိုင်သွားခဲ့ပေမယ့်လို့ CIA ဆီကတော့ ဘာလျော်ကြေး၊ ဘာဝန်ခံစာ၊ ဘာတောင်းပန်မှုမှ မရခဲ့ပါဘူး။

(၄) ၁၉၈၄ ခုနှစ်တုန်းကပေါ့။ Kris Bloodsworth ဟာ ၉ နှစ်အရွယ်ကလေးလေးတစ်ယောက်ကို အဓမ္မကျင့်မှုနဲ့ Maryland ရဲတွေရဲ့ထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ မျက်မြင်သက်သေပြောပြခဲ့တဲ့ တရားခံဆိုသူရဲ့ပုံပန်းသဏ္ဍန်ဟာ အရပ် ၆ ပေနဲ့ ၅လက်မ၊ ခပ်ပိန်ပိန်၊ မုတ်ဆိတ်မွှေးတွေရှိပြီး ရွှေဝါရောင်ဆံပင်ကောက်ကောက်ပိုင်ရှင်။ အဲဒီအချိန်တုန်းက Kris Bloodsworth ရဲ့ပုံစံက အရပ်က ၆ ပေ၊ မုတ်ဆိတ်မရှိဘဲ ကြေးနီရောင်ဆံပင်ကိုသာ ပိုင်ဆိုင်ထားပြီး ပိုဆိုးတာက ခပ်ပိန်ပိန်ဆိုတဲ့ မျက်မြင်သက်သေပြောခဲ့တဲ့အတိုင်းမဟုတ်ဘဲ တော်တော်လေး ဝဖိုင့်နေတဲ့အနေအထားရှိနေတာပါပဲ။ ဘယ်လိုပဲရှင်းပြရှင်းပြ Maryland က ရဲတွေကတော့ Kris Bloodsworth ကို တရားခံနဲ့ဝတ်ထားတဲ့ တီရှပ်ပုံသဏ္ဍာန်တူတယ်ဆိုတာနဲ့ပဲ ဖမ်းကာ သေဒဏ်ချမှတ်ပစ်ခဲ့ပါတယ်။

READ
အန္တာတိကရေခဲပြင်အောက်မှာ ပျောက်ဆုံးအတ္တလန္တိတ်မြို့ရှိနိုင်ဟု ပညာရှင်များဆို

ရိုးသားတဲ့ Kris Bloodsworth တစ်ယောက် ဘာမှလည်းမလုပ်ရဘဲနဲ့ သေဒဏ်ချခံရဖို့ စောင့်နေစဉ်မှာပဲ တကယ့်တရားခံအစစ်ကတော့ တခြားထောင်မှာ နောက်ထပ်ကလေးမလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုကြောင့်မလို့ ထောင်ကျနေခဲ့ပါပြီ။ Kris Bloodsworth ခင်ဗျာမှာတော့ ၁၉၉၂ ခုနှစ်ရောက်ကာမှ DNA ဆေးစစ်ချက်မတူဘူးဆိုပြီး သက်ဆိုင်ရာမှ သေဒဏ်စာရင်းကနေ ပယ်ဖျက်ကာ ထောင်ကနေလည်း ပြန်လွှတ်ပေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ Kris Bloodsworth ဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးသေဒဏ်မှလွတ်မြောက်ခဲ့သူအဖြစ် မှတ်တမ်းတင်သွားခဲ့ပြန်ပါသေးတယ်။

(၅) နောက်ထပ် အဓမ္မတစ်မှုလာပြန်ပြီ။ သူကတော့ ၂၀၀၂ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့အမှုတစ်ခုပါ။ Brian Banks ဟာ စွပ်စွဲခံခဲ့ရပြီး ထောင်ထဲအပို့ခံခဲ့ရတုန်းက အသက် ၁၆ နှစ်သာရှိပါသေးတယ်။ Brian ဟာ ဆယ်ကျော်သက်တို့ထုံးစံအတိုင်း Wanetta Gibson ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ဆယ်ကျော်သက်တွေဆိုတော့ သိကြတဲ့အတိုင်း ခိုးလုပ်ရတာကိုက ရင်ခုန်မှုတစ်ခုမဟုတ်လား။ ဒါကြောင့် Wanetta Gibson ရဲ့ သူမအခန်းထဲမှာ ညဖက်တိုင်း ခိုးခိုးတွေ့မယ်ဆိုတဲ့အစီအစဉ်ကို Brian Banks တစ်ယောက် သဘောလူလက်ခံလိုက်ခဲ့ပါတယ်။ နောက်တော့ ဘာညာဘာညာလုပ်ကြပေါ့။ တစ်ညမှာတော့ Wanetta Gibson ရဲ့မိခင်ဟာ မိသွားခဲ့ပါတော့တယ်။

Wanetta Gibson ဘာပြောလိုက်တယ်ထင်သလဲ။ ဒီလူဟာ သမီးကို အဓမ္မကျင့်နေတာပါတဲ့လေ။ ဒီစကားတစ်ခွန်းကြောင့်နဲ့ပဲ Brian Banks ဟာ ကျောင်းကနေလည်းထွက်ခဲ့ရ၊ အချုပ်လည်းကျ၊ သူ့ရဲ့မိဘတွေဟာလည်း အရှက်ရခဲ့တဲ့ပြင်ကိုမှ Wanetta Gibson ကို အမေရိကန်ဒေါ်လာ ၁ သန်းခွဲတောင် လျော်ကြေးပေးခဲ့ရပါသေးတယ်။ ၁၀ နှစ်အကြာ Brian Banks တစ်ယောက် ထောင်ကလွတ်လာခဲ့ပြီးတဲ့အချိန်မှာတော့ Wanetta Gibson က လာတွေ့ခဲ့ပါတယ်။ တောင်းပန်မလို့ပါတဲ့။ ဖြစ်စဉ်အားလုံးကို ပြောပြပြီးတောင်းပန်နေတဲ့ စကားတွေအားလုံးကို Brian Banks က အသံသွင်းထားခဲ့ပြီး တရားရုံးကိုပြန်လျှာက်တင်တဲ့အချိန်မှာတော့ အနိုင်ရကာ ဒုစရိုက်စာရင်းမှလည်း အပယ်ဖျက်ခံခဲ့ရပါတယ်။ Wanetta Gibson ဟာ စစချင်းတုန်းကတော့ အမေကိုကြောက်လို့ လိမ်ခဲ့ပမေယ့် နောက် ပိုက်ဆံရမယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ မက်ခဲ့တာကြောင့် Brian Banks ကို ထောင်ထဲထည့်ခဲ့တာပါတဲ့လေ။ ဒီအကြောင်းကို Brain Banks နာမည်နဲ့ပဲ ရုပ်ရှင်တစ်ကားထွက်ဖို့ရှိနေပါတယ်။

အမှုတွေကအများကြီးကျန်သေးတာကြောင့် ထပ်ဖတ်ချင်ရင်လည်း လက်တို့ကြပါဦးနော်။

Penny

SHARE