ကမ္ဘာပေါ်မှာ ရှိသမျှ ပိုက်ဆံတွေအကုန်လုံးကို လူချမ်းသာမိသားစုတွေကပဲ စိုးမိုးခြယ်လှယ်နေတာဆိုတဲ့ သီအိုရီကို ကြားဖူးကောင်း ကြားဖူးမှာပါ။ လူသိများထင်ရှားတဲ့ သူတွေထဲမှာ အချို့က ထင်ထင်ပေါ်ပေါ် နေတတ်သူတွေရှိသလို အချို့ကျတော့လည်း ဘ၀ကိုခပ်အေးအေးပဲ ဖြတ်ကျော်သွားလိုသူတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့အားလုံးမှာ ရှိတဲ့ တူညီချက်တစ်ခုက လူမှုပတ်ဝန်းကျင်ထဲ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ သူတို့ရဲ့ လူနေမှုအဆင့်အတန်းပဲ ဖြစ်ပါတယ်။ လူအချို့ကျတော့လည်း ဒီမိသားစု မျိုးနွယ်စုတွေဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအသီးသီးက သမ္မတတွေကို ထိန်းချုပ်ထားတယ်ဆိုပြီး တွေးကြပါသေးတယ်။
The Rockefellers

Rockefellers မိသားစုနဲ့ ပတ်သက်လို့ သူတို့ပိုင်ဆိုင်တဲ့ စည်းစိမ်တန်ဖိုးဟာ ဘယ်ရွေ့ဘယ်မျှရှိတယ်ဆိုတာ ဘယ်သူမှ တိတိပပ မခန့်မှန်းနိုင်ပါဘူး။ အချို့ကလည်း (၁-၃) ထရီလီယံလောက် ပိုင်ဆိုင်မှုတန်ဖိုးရှိလိမ့်မယ်လို့ ယူဆကြပါတယ်။ Rockefellers တွေဟာ (၁၉) ရာစုအဆုံးမှာ အမေရိကန်က ရေနံဈေးကွက်တစ်ခုလုံးရဲ့ (၉၀) ရာခိုင်နှုန်းကို အုပ်စိုးခဲ့ပြီး အမေရိကန်မှာရှိတဲ့ ခေတ်သစ်ရေနံစက်ရုံတွေဟာ Rockefellers တွေကနေ စတင်ဖြစ်ထွန်းခဲ့တာပါ။
The Morgans

နိုင်ငံရေးသီအိုရီပေါင်းများစွာက Morgans တွေဟာ အမေရိကန်ရဲ့ နိုင်ငံရေးလမ်းကြောင်းကို အဆုံးအဖြတ်ပေးပြီး တစ်ကမ္ဘာလုံးက ဘဏ်တွေအားလုံးကို ထိန်းချုပ်ထားတယ်လို့ ယုံကြည်ကြပါတယ်။ Morgans ရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ ဂျွန်ပီယေပွန့်မော်ဂန်ဟာ အမေရိကန်မှာ အဦးဆုံး ဘဏ္ဍာရေးအင်ပါယာကို ထူထောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ ပြည်တွင်းစစ်အတွင်းမှာ လက်နက်အရောင်းအ၀ယ်လုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံရလုနီးနီးအထိ ဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်ထိအောင် Morgans မိသားစုဟာ ဘဏ်လုပ်ငန်းမှာ သြဇာတိက္ကမကြီးမားဆဲ ဖြစ်ပြီး ၄င်းတို့ရဲ့ ဘဏ်ခွဲတွေဟာ အမေရိကန်မှာသာမကပဲ ဥရောပမှာလည်း ရှိပါတယ်။
The House of Saud

ဆော်ဒ်အိမ်တော်ဟာ လွန်ခဲ့တဲ့ (၁၉၃၂) ခုနှစ်ကတည်းက ဆော်ဒီအာရေဗျမှာ အုပ်ချုပ်လာခဲ့တဲ့ တော်ဝင်မျိုးနွယ် မင်းဆက်ဖြစ်ပါတယ်။ အိမ်တော်ရဲ့ အကြီးအကဲဟာ ဘုရင် ဆာလ်မန်ဘင် အဘ်ဒူလာဇဇ် အယ်-ဆော်ဒ် ဖြစ်ပါတယ်။ အိမ်တော်မှာရှိတဲ့ တော်ဝင်မိသားစု အရေအတွက်ဟာ (၂၅,၀၀၀) လောက် ရှိပါတယ်။ အလုံးစုံသော နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာဟာ မိသားစုအကြီးအကဲ ခေါင်းဆောင်မှာသာ ရှိပြီး ဆော်ဒ်မိသားစုဝင်တွေဟာ အစိုးရဘက်ဆိုင်ရာနဲ့ စစ်ဘက်ရေးဆိုင်ရာတွေရဲ့ အရေးကြီးတဲ့ ရာထူးဌာနအသီးသီးမှာ တာဝန်ယူထားပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ရေနံတွေရဲ့ ရာခိုင်နှုန်း (၂၀) ကို ဆော်ဒ်မိသားစုကပဲ ပိုင်ဆိုင်ထားပါတယ်။
The Rothschilds

နပိုလီယံလက်ထက်တုန်းက Rothschilds တွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး မိသားစုတွေထဲက တစ်စုဖြစ်ခဲ့ပါတယ်။Rothschilds မျိုးဆက်ကို စတင်တည်ထောင်သူကတော့ မေယာ အမ်ရှဲလ် ရို့သ်စ်ချိုင်းပဲ ဖြစ်ပါတယ်။ မေယာဟာ ဧရာမဘဏ်စီးပွားရေးကြီးနဲ့ ကိုယ်ပိုင်စီးပွားရေး အင်ပါယာကြီးကို ထူထောင်ခဲ့ပါတယ်။ သူသေဆုံးခါနီးတော့ သူ့လုပ်ငန်းတွေကို ဘယ်လိုထိန်းချုပ်သင့်ကြောင်း သူ့အမြင်ကို ဖော်ပြထားတဲ့ သေတမ်းစာကို သူ့မျိုးဆက်တွေဆီ ချန်ခဲ့ပါတယ်။
မေယာရဲ့ နောင်မျိုးဆက် Rothschilds တွေဟာ ၄င်းသေတမ်းစာထဲက စည်းမျဉ်းတွေအတိုင်း လိုက်နာကျင့်သုံးလာခဲ့တာ နှစ်ပေါင်း(၂၀၀) ကျော်တိုင် ရှိနေပါပြီ။ သူတို့မိသားစုနဲ့ ပတ်သက်လို့ အတင်းအဖျင်းတွေလည်း ရှိပါသေးတယ်။ Rothschilds တွေဟာ တစ်ကမ္ဘာလုံးက ငွေကြေးတွေနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကို ထိန်းချုပ်ထားပြီး စစ်ပွဲတွေဖြစ်အောင် မီးပျိုးပေးနေသူတွေလို့ ဆိုတဲ့ ကောလဟာလတွေပါ။ Rothschilds တွေရဲ့ ချမ်းသာကြွယ်ဝမှုဟာ (၂) ထရီလီယံနီးပါး ရှိကြောင်း ခန့်မှန်းရပါတယ်။ ၄င်းတို့မှာ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းအပြင် စပျစ်ခြံပေါင်းများစွာကိုလည်း ပိုင်ဆိုင်ပြီး ရေနံနဲ့ ဆီထုတ်လုပ်တဲ့ ကုမ္ပဏီတွေလည်း ရှိကြောင်း သိရပါတယ်။
The Baruchs

Baruchs မိသားစုဟာ Rothschilds နဲ့ Rockefellers မိသားစုတို့လောက် ချမ်းသာကြွယ်ဝမှုမရှိပေမယ့် သူတို့ရဲ့ သြဇတိက္ကမကတော့ ၄င်းမိသားစုတွေထက် ပိုပါတယ်။ Baruchs မျိုးဆက်ကို တည်ထောင်သူဟာ ဘားနာ့ဒ်ဘာရက်ခ်ျ ဆိုသူပါ။ ဘားနာ့ဒ်ဟာ အမေရိကန်သမ္မတ(၅) ဦးရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ဆာဝင်စတန်ချာချီရဲ့ အရင်းနှီးဆုံးသူငယ်ချင်းလည်း ဖြစ်ပါတယ်။
စစ်အေးကာလဆိုတဲ့ ဝေါဟာရကို စတင်သုံးနှုန်းခဲ့တဲ့သူဟာလည်း ဘားနာ့ဒ်ပဲ ဖြစ်ပြီး အက်တမ်ဗုံးတွေ တီထွင်မှုနဲ့ ပတ်သက်လို့ ထိန်းချုပ်ခဲ့တာလည်း သူပဲ ဖြစ်ပါတယ်။ Baruchs မျိုးဆက်နဲ့ ပတ်သက်လို့တော့ ဘားနာ့ဒ်မှာ သမီး(၂) ယောက်နဲ့ သားတစ်ယောက်ရှိတယ် ဆိုတာကလွဲရင် သတင်းထပ်မကြားရပါဘူး။ အချို့ကတော့လည်း ဘားနာ့ဒ်ရဲ့ သားသမီးတွေဟာ တမင်တကာ ကိုယ်ရောင်ဖျောက်နေတာဖြစ်ပြီး အမေရိကန်အစိုးရကို နောက်ကွယ်က ဆက်လက်ထိန်းချုပ်နေတုန်းလို့ ယူဆကြပါတယ်။
The House of Windsor

ဝင်ဆာအိမ်တော်ဟာ ဗြိတိန်ရဲ့ တော်ဝင်မိသားစုမျိုးနွယ် ပိုင်ဆိုင်တဲ့နေရာပါ။ လက်ရှိမှာ ၀င်ဆာမိသားစုရဲ့ အကြီးအကဲဟာ ဘုရင်မကြီး အဲလစ်ဇဘက်(၂) ဖြစ်ပါတယ်။ ဘုရင်မကြီးဟာ ဘုရားကျောင်းတွေရဲ့ အကြီးအကဲဖြစ်သလို အားလုံးသော ဗြိတိန်စစ်တပ်တွေရဲ့ ရာထူးအမြင့်ဆုံး တပ်မှုးချုပ်ကြီးလည်း ဖြစ်ပါတယ်။ ဗြိတိန်အပါအ၀င် ဘုရင်မကြီးဟာ လွတ်လပ်သောနိုင်ငံပေါင်း (၁၅) နိုင်ငံက ဧကရာဇ်တွေကိုလည်း ဆက်လက်အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ ၀င်ဆာ တော်ဝင်မိသားစုဝင်တွေကတော့ ရိုးသားအေးဆေးတဲ့ ဘ၀နေထိုင်မှုမျိုးရှိကြပါတယ်။ တပ်ထဲမှာ စစ်မှုထမ်းတာ၊ လူသားအကျိုးပြုလုပ်ငန်းတွေကို စေတနာ့ဝန်ထမ်းတွေအဖြစ် ၀င်ရောက်လုပ်ကိုင်တာမျိုးတွေ ပြုလုပ်ကြပါတယ်။
The Oppenheimers

ကမ္ဘာ့အများဆုံး ရွှေပိုင်ဆိုင်သူတွေကိုပြပါဆိုရင် Oppenheimers မိသားစုကို ပြရမှာပါပဲ။ Oppenheimers မျိုးဆက်ကို စတင်တည်ထောင်သူဟာ အန်းနက်စ်အိုပန်ဟိန်မာဖြစ်ပါတယ်။ သူဟာ တောင်အာဖရိက ကင်ဘာလေမြို့က မြို့ဝန်တစ်ယောက်ဖြစ်ပါတယ်။ ထို့နောက်မှာတော့ စိန်ကုမ္ပဏီကြီးတစ်ခုရဲ့ ဥက္ကဌဖြစ်ပြီး မကြာခင်မှာပဲ ကမ္ဘာ့စိန်ဈေးကွက်ကြီးတစ်ခုလုံးကို တစ်ဦးတည်း စိုးမိုးခြယ်လှယ်သူ ဖြစ်လာပါတော့တယ်။ အခုအခါမှာတော့ စိန်အင်ပါယာကြီးကို အန်းနက်စ်ရဲ့ မြေး နစ်ကီအိုပန်ဟိန်မာက ချုပ်ကိုင်ထားပါတယ်။ Oppenheimers မိသားစုဟာ စိန်အရောင်းအ၀ယ်တင်မကပဲ ရွှေ၊ သံ၊ ပလက်တီနမ်နဲ့ စက်ရုံသုံးသတ္တုတွေပါ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေလည်း လုပ်ကိုင်ကြပါတယ်။
လင်းလင်း (ShweMom)
Ref: Brightside