3D Printer ကိုသာသုံးပြီး တကယ်မောင်းနိုင်တဲ့လမ်ဘိုဂီနီကားအတုဖန်တီးခဲ့တဲ့သားအဖ

YouTube-lasersterling

၂၀၁၉ မှာ အသစ်ထုတ်လုပ်ထားခဲ့တဲ့ Lamborghini Aventador မော်ဒယ်ရဲ့ ဈေးကတော့ ဒေါ်လာလေးသိန်းအထက်မှာ တန်ကြေးရှိပါတယ်။ မြင်းကောင်ရေအား ၇၄၀ နဲ့အဆိုပါ လန်ဘော်ဂီနီဟာ အခုအချိန်မှာ စူပါကားစိတ်ဝင်စားသူတွေအတွက်တော့ စိတ်ဝင်စားစရာတစ်ခုဖြစ်နေပါတယ်။

ဒီလို ကမ္ဘာအနှံ့က မြန်နှုန်းမြင်စူပါကားတွေကို ချစ်တတ်သူ၊ စိတ်ဝင်စားသူတွေထဲမှာ Xander Backus လို့ ခေါ်တဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ယောက်လည်းပါဝင်ပါတယ်။ ကလေးငယ်ရဲ့  လန်ဘော်ဂီနီကား ရူးသွပ်မှုဟာ ဗီဒီယိုဂိမ်းတွေ ဆော့ကစားရာက အစပြုခဲ့တာပါ။ သူ အမြဲဆော့နေကျ Forza Horizon 3 ပြိုင်ကားမောင်းပြိုင်ပွဲဂိမ်းထဲမှာ အမြဲတမ်း ရွေးပြီး ကစားဖြစ်တဲ့ ကားကတော့ လန်ဘော်ဂီနီပါ။ အဲဒီ ကလေးငယ်ဟာ လန်ဘော်ဂီနီကားကို ရူးသွပ်သူဖြစ်ပြီး ဖခင်ဖြစ်သူထံ လန်ဘော်ဂီနီ ဝယ်ပေးဖို့ အမြဲပူဆာလေ့ရှိတာပါ။ အဲဒီကလေးငယ်အမြဲမက်တဲ့ အိပ်မက်ကတော့ လန်ဘော်ဂီနီကားတစ်စင်းကို ပိုင်ဆိုင်ဖို့ပါတဲ့။

ရူပဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ ကောင်လေးရဲ့ ဖခင်ဟာ သားဖြစ်သူရဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးဖို့ ကြိုးစားပါတော့တယ်။ အဲဒါကတော့ လန်ဘော်ဂီနီကားတစ်စင်းကို 3D Printer နဲ့ ထုတ်ဖို့ပါပဲ။ သားအဖနှစ်ယောက်ဟာ 3D Printer နဲ့ လန်ဘော်ဂီနီကားထုတ်လုပ်ဖို့ ပရောဂျက်ကို စတင်ခဲ့တာကတော့ ၂၀၁၈ ဖေဖော်ဝါရီလမှာပါ။ နောက် နှစ်လအကြာမှာတော့ သူတို့ရဲ့ ပရောဂျက်ဟာ ပြီးစီးသွားခဲ့ပါတယ်။

YouTube-lasersterling

သူတို့ 3D Printer နဲ့ထုတ်ထားတဲ့ လန်ဘော်ဂီနီကားဟာ တကယ့်အပြင်က လန်ဘော်ဂီနီကားအစစ်ပုံစံနဲ့ တစ်ပုံစံတည်းပါပဲ။ ဒါ့အပြင်ထုတ်လုပ်ထားတဲ့ ကားဟာ တကယ့်ကားတစ်စင်းလို မောင်းနှင်နိုင်စွမ်းရှိပါတယ်။ ရူပဗေဒပညာရှင်ဖြစ်တဲ့ ဖခင်ဟာ သိပ္ပံပညာရှင်အလုပ်ကို လုပ်ပြီး သားဖြစ်သူကို လက်ဆောင်ပေးအပ်ခဲ့တာလို့ဆိုနိုင်ပါတယ်။ ကိန်းဂဏန်းတွေ၊ ဒီဇိုင်းအပြင်အဆင်တွေ၊ နည်းပညာအမြင်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ရူပဗေဒပညာရှင်ဖခင်ဟာ သားဖြစ်သူရဲ့ ဆန္ဒကို သူ ကိုယ်တိုင်လုပ်ပြီး ဖန်တီးနိုင်ခဲ့တာပါ။

YouTube-lasersterling
YouTube-lasersterling

3D-Printer နဲ့ လန်ဘော်ဂီနီကားတစ်စင်းကို ထုတ်ဖို့အတွက် ဒီဇိုင်းအပြင်အဆင်ကို အရုပ်ကားတွေဆီကနေ သေသေချာချာ လေ့လာခဲ့ရတယ်လို့ ဖခင်ဖြစ်သူ ဆိုပါတယ်။ ကားရဲ့ ဘေးအသားတွေ အကုန်လုံးကို 3D Printer က ထွက်လာတဲ့ ပလတ်စတစ်နဲ့ဖန်တီးထားပြီး ကားတစ်စင်းပုံစံဖြစ်အောင် နောက်မှ ကော်နဲ့ ပြန်ကပ်ထားတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကားတစ်စင်းလုံးကို ကာဘွန်ဖိုက်ဘာတွေနဲ့ ပြန်အုပ်ပြီး အချောကိုင်ခဲ့တာပါ။

သူတို့သားအဖနှစ်ယောက် 3D Printer နဲ့ လန်ဘော်ဂီနီကားထုတ်လုပ်တဲ့ သတင်းဟာ လူမှုကွန်ရက်မီဒီယာတွေမှာ ပျံနှံ့လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ သတင်းကို သိရှိသွားတာကတော့ လန်ဘော်ဂီနီကုမ္ပဏီကပါ။ ချက်ချင်းပဲဆိုသလို သူတို့နှစ်ယောက်ကို ကုမ္ပဏီဆီကို အလည်လာခဲ့ဖို့ ကုမ္ပဏီရဲ့ အကြီးအကဲတစ်ယောက်က ဖိတ်ကြားခဲ့ပါတယ်။ သူတို့ ဒီလိုဖန်တီးမှုကို ချီးကျုးခဲ့ပြီး သူတို့ သားအဖနှစ်ယောက်နဲ့ ကားကြော်ငြာတစ်ခု ရိုက်ချင်ကြောင်းကို တောင်းဆိုခဲ့ပါတယ်။ ထပ်ဆောင်းအနေနဲ့ တကယ့်  Lamborghini Aventador S ကားအစစ်အသစ်တစ်စင်းကို သူတို့သားအဖဆီကို နှစ်ပတ်ကြာမျှ အခမဲ့ ငှားရမ်းခဲ့ပါသေးတယ်။

သားရဲ့ ဖခင်ဖြစ်သူကတော့ ဒီလို အတွေ့အကြုံကို သူ့ဘဝမှာ ဘယ်လိုမှ မေ့လို့မရတော့မယ့် အဖြစ်အပျက်ပဲလို့ ပြောဆိုပါတယ်။

Ye Yint Kyaw

SHARE