ငလျင်လှုပ်တာကို အကြောက်လွန်ပြီး ကျောက်ရုပ်ကြီးလို ဖြစ်သွားခဲ့တဲ့ ကြောင်ကလေး

twitter/emichen88

ဆိုရှယ်မီဒီယာတွစ်တာပေါ်မှာ ငလျင်လှုပ်လို့ အကြောက်လွန်ပြီး မျက်လုံးကြီးပြူးကာ ကြောင်တောင်တောင် ဖြစ်နေခဲ့တဲ့ အဖြူအနက်ဖောက် ကြောင်လေးတစ်ကောင်ကို dailymail ကနေတဆင့် တွေ့ခဲ့ရပါတယ်။ ကြောင်လေးအမည်က မိုချီပါ။ မိုချီက ကယ်လီဖိုးနီးယားမှာ နေပါတယ်။ တစ်နေ့တော့ မိုချီဟာ ငလျင်အငယ်စားတစ်ခု လှုပ်ခတ်သွားတာကို ခံစားရမိလိုက်ပါတယ်။ ငလျင်လှုပ်လဲပြီးရော မိုချီဟာ ခြေထောက်နှစ်ချောင်း အပေါ်မြှောက်တင်ထားတာကို အောက်ပြန်မချတော့ပဲ မျက်လုံးကြီးပြူးပြီး ကြောင်တောင်တောင်နဲ့ လိုက်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

မိုချီရဲ့ ဗီဒီယိုလေးကိုတော့ သခင်မဖြစ်သူ အယ်မလီချီနစ်စတာက ရိုက်ကူးပြီး လိုင်းပေါ်တင်ပေးထားတာ ဖြစ်ပါတယ်။ အရမ်းကြောက်နေတဲ့ ကြောင်ကလေးအတွက် လိုင်းပေါ်မှာရှိတဲ့သူတွေက နှစ်သိမ့်အားပေးမှုတွေ ပေးနေခဲ့တာပါ။ မိုချီဟာ ငလျင်နဲ့ ပတ်သက်လို့ အခုမှ တွေ့ကြုံခံစားဖူးတာ ဖြစ်တဲ့အကြောင်းကိုတော့ အယ်မလီက ပို့စ်တင်ထားပါတယ်။

READ
ပတ်ဝန်းကျင်နဲ့ တစ်သားတည်း ဖြစ်ပြီး ကိုယ်ယောင်ပျောက်နေကြတဲ့ အရာများ
twitter/emichen88

ဗီဒီယိုထဲမှာတော့ အယ်မလီက မိုချီကို “ဒါက ငလျင်သေးသေးလေး။ အခုခြေထောက်တွေ အောက်ချလို့ရပြီ။ သမီးရေ အဆင်ပြေရဲ့လား။ ကလေးက တော်တော်ကြောက်နေတာပဲ..” လို့ ပြောနေပါသေးတယ်။ အယ်မလီရဲ့ အခန်းဖော် မီဂန်အိုရာကလည်း မိုချီရဲ့ ခြေထောက်လေးတွေကို အကြောက်ပြေအောင် ဆုပ်ကိုင်ပေးနေခဲ့တာကိုလည်း တွေ့ရပါတယ်။  ခဏအကြာမှာတော့ မိုချီဟာ အကြောက်ပြေသွားပုံ ရပါတယ်။

twitter/emichen88

ဒီဗီဒီယိုလေးနဲ့ ပတ်သက်လို့ လိုင်းပေါ်က လူတွေကတော့ မိုချီအတွက် သနားဂရုဏာသက်လျက်ရှိနေပါတယ်။  မိုချီလေး အဆင်ပြေ၊မပြေကို အားလုံးက မေးနေကြတာ ဖြစ်တဲ့အတွက် အယ်မလီက သူမ မိုချီကို ဂရုစိုက်နေကြောင်းနဲ့ သူမကို အကြောက်ပြေအောင် ယုယပိုက်ထွေးထားကြောင်းလည်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

လင်းလင်း (ShweMom)

SHARE