သမိုင်းထဲက အမျိုးသမီးအချင်းချင်း စိန်ခေါ်တိုက်ခိုက်ခဲ့ကြတဲ့ စီးချင်းတိုက်ပွဲများ

စီးချင်းထိုးတိုက်ပွဲဆိုတာ ဓားဓားချင်း၊ လှံလှံချင်း၊ လက်လက်ချင်း ညီတူညီမျှ သဘောတူပြီး၊ တစ်ယောက်ရဲ့အသက်ကို တစ်ယောက်က လုပ်ကြံရတဲ့ တိုက်ပွဲဖြစ်ပါတယ်။ မြန်မာ့ရာဇ၀င်သမိုင်းမှာလည်း ကျန်စစ်သား ကဲ့သို့သော စီချင်းထိုးသူရဲကောင်းတွေ ပေါ်ထွက်ခဲ့ဖူးသလို၊ အနောက်တိုင်းရာဇ၀င်တွေမှာလည်း နာမည်ကျော် စီးချင်းထိုးတိုက်ပွဲတွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။

စီးချင်းထိုးတိုက်ပွဲကို အမျိုးသားနှစ်ယောက် ယှဉ်ပြိုင်ထိုးခုတ်ကြတာလောက်ပဲ ကျနော်တို့က ကြားခဲ့ဖူးတာပါ။ အခု ဖော်ပြမယ့် အကြောင်းအရာတွေကတော့ listverse.com ကနေ ကျောရိုးယူထားပြီး၊ ရှားပါးလှတဲ့ အမျိုးသမီးချင်း စီးချင်းထိုးတိုက်ပွဲကို Shwemom ပရိသတ်ကြီး ဗဟုသုတအနေနဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

(၁) Petticoat စီးချင်းတိုက်ပွဲ

1792 ခုနှစ်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ Almeria Braddock နဲ့ Elphinstone အမည်ရ အမျိုးသမီးနှစ်ယောက် အသက်အရွယ်နဲ့ပတ်သက်ပြီး ငြင်းခုန်စကားများခဲ့ကြပါတယ်။ Braddock က Elphinstone ကို အသက်ကြီးနေပြီ စသည်ဖြင့် မှတ်ချက်ပြုခဲ့ရာမှ နှစ်ဦးသား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး၊ နှစ်ယောက်သား စီးချင်းထိုးဖို့ သဘောတူခဲ့တာပါ။

Hyde Park ပန်းခြံထဲမှာ နှစ်ဦးသား ချိန်းဆိုခဲ့ပြီး၊ ပစ္စတိုနဲ့ ပစ်ခတ်ယှဉ်ပြိုင်ဖို့ သဘောတူညီခဲ့ပါတယ်။ (ထိုခေတ်က တစ်တောင့်ထိုး ပြောင်းချောပစ္စတိုပါ)။ နှစ်ယောက်သား အမှတ်စဉ်ရေ ချိန်ပြီးပစ်ချိန်မှာ တစ်ဦးနဲ့တစ်ဦး ထိမှန်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် Braddock က ဓားချင်းယှဉ်ခုတ်မယ်လို့ ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။

Elphinstone ကလည်း လက်ခံခဲ့ပြီး ယှဉ်ပြိုင်ရာမှာ Braddock ရှုံးနိမ့်ခဲ့ပြီး၊ လက်မောင်းကို ဓားနဲ့ ခုတ်ဖြတ်ခံခဲ့ရပါတယ်။ Braddock ဟာ သူမရဲ့ မှတ်ချက်စကားကိုလည်း ကတိအတိုင်း လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့ပြီး၊ နှစ်ဦးသား မိတ်ဆွေအဖြစ် ပြန်လည်ပေါင်းသင်းခဲ့ကြပါတယ်။

(၂) Duelo De Mujeres စီးချင်းတိုက်ပွဲ

ရောမ-အီတလီတို့ ခေတ်ကောင်းစဉ် 16 ရာစုက  နေပယ်လ်မြို့မှာ အလှအပနဲ့ပတ်သက်ပြီး အလွန်နာမည်ကြီးတဲ့ Lsabella de Carazzi နဲ့ Diambra de Pettinella တို့ဟာ အဲဒီမြို့မှာ အလွန်လူချစ်လူခင်ပေါများတဲ့ ကိုယ်လူချော Fabio de Zeresola ကို နှစ်ဦးပြိုင်တူ ချစ်မိနေကြပါတယ်။

READ
ကမ္ဘာ့အရှည်ဆုံးတံတားကြီးများ

တစ်ယောက်နဲ့တစ်ယောက် အလျှော့ပေးဖို့ စိတ်ကူးမရှိကြပါဘူး။ နောက်ဆုံးမှာတော့ တစ်ယောက်နဲ့တစ်ယောက် ရန်မီးစ ပိုကြီးလာခဲ့ပြီး၊ ဓားချင်းယှဉ်ခုတ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ သို့ပေမယ့် နိုင်တဲ့သူ ဘယ်သူဆိုတာကိုတော့ ဇာတ်လမ်းက အဆုံးသတ်မထားပါဘူး။ ဒီဖြစ်ရပ်ကို 1636 ခုနှစ်မှာ Jose de Ribera အမည်ရ ပန်းချီကျော်က ပုံဖော်ရေးဆွဲခဲ့ပါတယ်။

(၃) Pauline Metternich နဲ့ Anastasia Kielmannsegg တို့ရဲ့ စီးချင်းတိုက်ပွဲ

1892 ခုနှစ်က ထုတ်ဝေခဲ့တဲ့ သတင်းစာထဲမှာ သြစတီးယားတော်ဝင်မျိုးနွယ် မင်းသမီး Pauline Metternich နဲ့ မြို့စားကတော် Anastasia Kielmannsegg တို့ဟာ ပွဲတော်တစ်ခုမှာ ပန်းအိုးတွေထားတဲ့ပုံစံနဲ့ပတ်သက်ပြီး အချင်းများခဲ့ပါတယ်။ နောက်ပိုင်းမှာ နှစ်ဦးသာ ဓားချင်းယှဉ်ခုတ်ကြဖို့ သဘောတူခဲ့ပါတယ်။ သတင်းမှာ ဖော်ပြချက်အရ နှစ်ဦးစလုံးဟာ ဓားရေးမှာ အလွန်ကျွမ်းကျင်ကြလို့ အချိန်တော်တော်ကြာကြာ တိုက်ခိုက်တဲ့အထိ အနိုင်အရှုံး မပေါ်ခဲ့ပါဘူး။

ရေကုန်ရေခမ်းတိုက်ခိုက်ခဲ့လို့ အပေါ်ပိုင်းအ၀တ်အစားတွေလည်း မဲ့ကုန်ကြတယ်လို့ ဆိုပါတယ်။ နှစ်ယောက်သား ဒဏ်ရာ အသီးသီး ရခဲ့ပြီး Pauline မှာ နှာခေါင်းပြတ်ရှခဲ့ပါတယ်။ Anastasia ကတော့ လက်မောင်းကို ဓားနဲ့အခုတ်ခံခဲ့ရပါတယ်။ နောက်ဆုံး ဖြန်ဖြေသူတွေ ရောက်လာခဲ့ပြီး သရေနဲ့ ပွဲသိမ်းခဲ့ရပါတယ်။

(၄) စီချင်းသူရဲ့ကောင်းမ Agnes Hotot

Agnes Hotot  ဟာ 14 ရာစု အင်္ဂလန်မှာ ပေါ်ပေါက်ခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ဦးပါ။ သူမရဲ့ စီးချင်းတိုက်ပွဲကတော့ တစ်ခြားအမျိုးသမီးတွေနဲ့ မတူပါဘူး။ သူမဟာ ဘုရင့်မူးမတ်တော် Dudley ရဲ့ သမီးဖြစ်ပြီး၊ ဖခင်ဟာ အခြား ဂုဏ်သရေရှိ အမျိုးသားတစ်ဦးနဲ့ ရန်ညှိုးရန်စ ရှိခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား မြင်းစီချင်း ထိုးဖို့ သဘောတူခဲ့ပါတယ်။

သို့ပေမယ့် ချိန်းဆိုထားတဲ့ ရက်မတိုင်ခင် တစ်ပတ်လောက်မှာ Agnes ရဲ့ ဖခင် နာမကျန်း ဖြစ်လို့ စီးချင်းပွဲကို သွားရောက်ယှဉ်ပြိုင်ပါကလည်း ရန်သူ့ဓားချက်နဲ့ သေဖို့သာ ရှိတဲ့အနေအထားပါ။ သွားမပြိုင်ရင်လည်း ဖခင်ဖြစ်သူ ဂုဏ်သိက္ခာ ကျဆင်းမှာ ဖြစ်ပါတယ်။ ဒီတော့ ဖခင်ရဲ့ဂုဏ်ကို ထိန်းသိမ်းသောအားဖြင့် Agnes က ယှဉ်ပြိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

READ
ကမ္ဘာပေါ်မှာရှိလိမ့်မယ်လို့ ထင်ထားမှာမဟုတ်တဲ့ ထူးထွေဆန်းပြားတဲ့ အလုပ်တွေ

ဒါကို ပြိုင်ဘက်အမျိုးသားဆီမှာ သတင်းမပေါက်ကြားစေဘဲ၊ Agnes ဟာ အမျိုးသားတစ်ယောက်လို ၀တ်စားပြီး ပြိုင်ဘက်နဲ့ စီးချင်းထိုးခဲ့တာပါ။ စီးချင်းထိုးပွဲမှာ သူမ အနိုင်ရခဲ့ပါတယ်။ ထိုအခါမှာ Agnes က သူမရဲ့ မျက်နှာဖုန်းကို ချွတ်ကာ ပြိုင်ဘက်ရှေ့မှာ အောင်ပွဲခံခဲ့တာပါ။

ထိုခေတ်ထိုအခါက ” မိန်းမတစ်ယောက်ကိုတောင် အရှုံးပေးရတယ်”ဆိုတဲ့ အဖြစ်အပျက်ဟာ ယောက်ျားတစ်ယောက်အဖို့ အလွန်ရှက်စရာကောင်းတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ မြို့သူမြို့သားတွေကလည်း Agnes ကို သူရဲကောင်းအဖြစ် ဆက်ဆံခဲ့ကြပါတယ်။

(၅) De Polignac နဲ့ De Nesle တို့ရဲ့ စီးချင်းတိုက်ပွဲ

18 ရာစုက ပြင်သစ်နိုင်ငံမှာ လူပျိုမြို့စားအဖြစ် ဘုရင့်အမှုတော်ထမ်းရွက်ခဲ့တဲ့ မြို့စား Richelieu ကို De Polignac နဲ့ De Nesle အမည်ရ အမျိုးသမီးနှစ်ဦးက ပိုင်ဆိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ပါတယ်။ နောက်ဆုံး တစ်ယောက်နဲ့တစ်ယောက် သဘောတူကာ သေနတ်ချင်းယှဉ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒိုင်လူကြီး အသိသက်သေတွေလည်း ခေါ်ပြီး၊ ချိန်းဆိုရာမှာ စုရုံးခဲ့ကြပါတယ်။

နှစ်ယောက်သား အမှတ်စဉ်ရေပြီး ဦးသူပစ် တိုက်ခိုက်ခဲ့ကြပါတယ်။ Nesle ရဲ့ ကျည်ဆံဟာ Polignac ကို ထိမှန်ခြင်း မရှိဘဲ၊ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် Polignac ရဲ့ ကျည်ဆံကတော့ Nesle ရဲ့ ပုခုံးကို ထိမှန်ခဲ့ပြီး အနိုင်ရသူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သို့ပေမယ် မြို့စား Richelieu ကတော့ ဘယ်သူ့ကိုမှ လက်မထပ်ဘဲ၊ တစ်ခြားတစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE