ကမ္ဘာပေါ်မှာ လက်ရှိအကျော်ကြားဆုံး အမျိုးသမီးသိပ္ပံပညာရှင် ၄ ဦးအကြောင်း

ပညာရပ်နယ်ပယ်တိုင်းမှာ အမျိုးသမီးတွေရဲ့ ထူးချွန်မှုကို လူသိနည်းလေ့ရှိပါတယ်။ သိပ္ပံပညာရပ်မှာလည်း ထို့အတူပါပဲ။ မီဒီယာတွေဆိုလည်း Marie Curie လိုမျိုး ရှေးတုန်းက ထူးချွန်တဲ့ သိပ္ပံပညာရှင်တွေကိုပဲ ဖော်ပြလေ့ရှိကြပြီး ယခုခေတ် သိပ္ပံနယ်ပယ်မှာ လွှမ်းမိုးနေတဲ့ အမျိုးသမီး သိပ္ပံပညာရှင်တို့ကိုတော့ သိပ်မသိကြသေးပါဘူး။

မနက်ဖြန် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးသိပ္ပံပညာရှင်များနေ့ (International Day of Women and Girls in Science) ကျရောက်မှာ ဖြစ်ပါတယ်။ ထိုနေ့ကို ဂုဏ်ပြုသောအားဖြင့် လက်ရှိ ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး ဖြစ်နေတဲ့ အမျိုးသမီး သိပ္ပံပညာရှင် ၄ ဦးအကြောင်းကို တင်ဆက်လိုက်ရပါတယ်။

1. Cynthia Kenyon

TED.com

မော်လီကျူးဆိုင်ရာ ဇီဝဗေဒပညာရှင် Cynthia Kenyon ကတော့ ကမ္ဘာ့လူဦးရေရဲ့ ပျှမ်းမျှ သက်တမ်းကို ဆွဲဆန့်ဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ စမ်းသပ်မှုကို တီကောင်တွေနဲ့ စခဲ့ပါတယ်။ daf2 ဟော်မုန်းနဲ့ သန္ဓေပြောင်းလဲလိုက်ခြင်းဟာ သတ္တဝါရဲ့ သက်တမ်းကို ရှည်သွားစေတယ်ဆိုတာ သူမ တွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ကြွက်တွေနဲ့ ဆက်စမ်းသပ်ခဲ့ပါတယ်။ အလားတူရလဒ်ကို ထပ်ရခဲ့ပါတယ်။ ကြွက်တွေလည်း နို့တိုက်သတ္တဝါတွေ ဖြစ်တဲ့အတွက် လူတွေမှာဆိုရင်လည်း daf2 ဟော်မုန်းပါတဲ့ ဆေးလုံးတွေကို သောက်သုံးမယ်ဆိုရင် သက်တမ်း နှစ် ၁၀၀ လောက်အထိ ရှည်စေနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ကမ္ဘာပေါ်က လူတွေကို ကျန်းမာအသက်ရှည်အောင် လုပ်ပေးနိုင်မယ့် သိပ္ပံပညာရှင်ဆိုရင် Cynthia Kenyon ပါပဲ။

READ
ဟစ်တလာကိုယ်တိုင် လူသိမခံချင်ခဲ့တဲ့ ဘောင်းဘီတိုလေးဝတ်ထားတဲ့ ဓာတ်ပုံ

2. Jennifer Doudna

JD Lasica

Jennifer Doudna ကတော့ မျိုးရိုးဗီဇပြုပြင်တဲ့ CRISPR-Cas9 နည်းစနစ်ကို တီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်ဖြစ်ပါတယ်။ ထိုနည်းကို အောင်မြင်စွာ အသုံးချနိုင်မယ်ဆိုရင် ကင်ဆာအပါအဝင် မျိုးရိုးလိုက်လို့ ဖြစ်လာတဲ့၊ ကုသရခက်တဲ့ ရောဂါတွေ မဖြစ်အောင် စွမ်းဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ CRISPR နည်းပညာနဲ့ လူ့ခန္ဓာကိုယ်ထဲက HIV ဗိုင်းရပ်စ်ပါတဲ့ ဆဲလ်တွေကိုတောင် ပြောင်းလဲပစ်နိုင်ပါတယ်။ ဒီစမ်းသပ်ချက်ကိုတော့ ၂၀၁၆ တုန်းက မျောက် ၂ ကောင်နဲ့ စမ်းသပ်ခဲ့ရာ သန္ဓေပြောင်းဆဲလ်တွေနဲ့ ကျန်းမာစွာ မွေးဖွားလာခဲ့ကြပါတယ်။ လူတွေမှာတော့ တရားဝင်စမ်းသပ်ခွင့်မရှိသေးဘဲ ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံက သိပ္ပံပညာရှင်က လူသားသန္ဓေလောင်း ၂ ခုမှာ စမ်းသပ်ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပါသေးတယ်။ ခက်ခဲပေမယ့် ဒီနည်းလမ်းကိုသာ မှန်ကန်စွာအသုံးချနိုင်ပါက ဆေးပညာလောကကို ပြောင်းလဲမှုကြီး ယူဆောင်လာပေးနိုင်မှာပါ။

3. Nina Tandon

Wired UK

Nina Tandon ကတော့ ဇီဝဆေးပညာရှင်တစ်ဦးဖြစ်ပါတယ်။ EpiBone လို့ခေါ်တဲ့ အရိုးတွေကို ပြန်လည်တည်ဆောက်ပေးတဲ့ ဆေးကုမ္ပဏီရဲ့ စီအီးအိုလည်း ဖြစ်ပါတယ်။ လူနာရဲ့ ပင်မဆဲလ်ကို အသုံးပြုပြီး ထိုလူနာအတွက် အရိုးသစ်တွေကို ဓာတ်ခွဲခန်းထဲမှာ ပြန်တည်ဆောက်ပေးပါတယ်။ လူနာရဲ့ ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်စေပြီး အရိုးသစ်ပေမယ့် ခန္ဓာကိုယ်ကနေ လက်ခံမှာကို အချိန်ယူစောင့်စရာ မလိုဘူးလည်း ဖြစ်ပါတယ်။ Tandon က အလားတူနည်းလမ်းနဲ့ နှလုံးတွေကိုလည်း ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ ဆေးပညာလောကရဲ့ ချီးကျူးမှု များစွာကို ရရှိထားသူလည်း ဖြစ်ပြီး ၂၀၁၅ တုန်းက Foreign Policy magazine ကနေ Global Thinker အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

READ
Facebookပေါ်မှာ Follow လုပ်ထားသင့်တဲ့ စာမျက်နှာများ

4. Sunetra Gupta

Royal Society

Sunetra Gupta ကိုတော့ စွယ်စုံရ ပညာရှင်လို့ ပြောနိုင်ပါတယ်။ သူမဟာ အောက်စဖို့ တက္ကသိုလ်မှာ ကူးစက်ရောဂါ ပျံ့ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာဘာသာရပ်မှာ ပရော်ဖက်ဆာ တစ်ယောက်ဖြစ်သလို ဝတ္ထုရေးဆရာမတစ်ယောက်လည်း ဖြစ်ပါတယ်။ သိပ္ပံနယ်ပယ်မှာတော့ သူမဟာ HIV, ငှက်ဖျား, တုပ်ကွေး စတဲ့ ကူးစက်ရောဂါတွေနဲ့ ပတ်သက်လို့ သုတေသနပြုလုပ်နေသူဖြစ်ပါတယ်။ သူမဟာ စာပေနယ်ပယ်မှာရော သိပ္ပံလောကမှာပါ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

Ref: SRG

 

SHARE