တက္ကစီတန်းစီရင်း ပိုနေတဲ့အချိန်ကို အများအကျိုးအတွက် အသုံးချခဲ့တဲ့အမျိုးသမီးဒရိုင်ဘာ

လူတွေမှာ တစ်စုံတစ်ရာကို တန်းစီစောင့်ဆိုင်းနေရတဲ့အချိန်တွေ ရှိတတ်ပါတယ်။ တချို့က ဒီလိုအချိန်တွေမှာ ဖုန်းသုံးဘာသုံးနဲ့ အချိန်ကို ကုန်လွန်အောင် ကျော်ဖြတ်ကြပေမယ့် တချို့ကတော့ အကျိုးရှိတဲ့အလုပ်တွေကို လုပ်ကိုင်ရင်း အချိန်တွေကို ကျော်ဖြတ်ကြပါတယ်။ မကြာခင်တုန်းက တွေ့ရတဲ့ စင်္ကာပူနိုင်ငံက ဖြစ်ရပ်လေးတစ်ခုကတော့ လူသားအားလုံးတို့အတွက် စံနမူနာယူထိုက်တဲ့ ဖြစ်ရပ်လေးလို့ ဆိုနိုင်ပါတယ်။

youtube

ဝင်းဆမ့်ချွာဆိုသူ အမျိုးသမီးတစ်ဦးဟာ ဖေ့စ်ဘုတ်မှာ ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ သူမတင်ခဲ့တဲ့ ဗီဒီယိုကတော့ ချန်ဂီလေဆိပ် ဂိတ်အမှတ်(၄)က တက္ကစီတန်းတစ်ခုမှာ ရိုက်ကူးထားတာပါ။ (၄၄) စက္ကန့်စာရှည်လျားတဲ့ ဒီဗီဒီယိုဖိုင်လေးမှာ Silvercab မောင်းနှင်တဲ့ ဒရိုင်ဘာအမျိုးသမီးတစ်ဦးဟာ တက္ကစီတန်းနားမှာပြန့်ကြဲကျနေတဲ့ စီးကရက်ဖင်စီခံတွေနဲ့ အခြားအမှိုက်တွေကို ကောက်ယူနေတာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ သူမဟာ သူမကောက်ယူပြီးသား အမှိုက်တွေကို စွန့်ပစ်ဖို့အတွက် ပလတ်စတစ်အိတ်ထဲထည့်လိုက်ပါတယ်။

youtube

အဆိုပါဒရိုင်ဘာအမျိုးသမီးဟာ အချိန်(၁၅) မိနစ်ကြာမျှ အမှိုက်တွေကို ကောက်ယူခဲ့တာဖြစ်ကြောင်း ဗီဒီယိုရိုက်ကူးခဲ့သူ အမျိုးသမီးချွာကပြောပြခဲ့တာပါ။ “အဲဒီအမျိုးသမီးက အမှိုက်တွေလိုက်ကောက်နေတာ ၁၅မိနစ်လောက်ရှိမယ်။ ကျွန်မဗီဒီယိုကို စစချင်းရိုက်တော့ သူက နောက်ထပ် ပလတ်စတစ်အိတ်တစ်အိတ်တောင် အမှိုက်တွေထည့်ဖို့ ထပ်ယူပြီးနေပြီ။ ကားတွေ ရွေ့ရင် သူမလည်း ကားကို လိုက်ရွေ့ပေးတယ်။ ကားတန်းက ရပ်သွားရင် သူမက ကားထဲက ထွက်လာပြီး အမှိုက်ပြန်ကောက်တယ်။”

READ
ထရန့်ကို လုပ်ကြံခြင်းအကြောင်း တွစ်တာပေါ်တင်ခဲ့တဲ့အမျိုးသမီးကို လျှို့ဝှက်အဖွဲ့ စစ်ဆေး
youtube

“ကျွန်မလည်း တော်တော်အံ့သြသွားတယ်။ ကားတန်းက အရှည်ကြီးပါ။ တန်းစီစောင့်ရတာ အချိန်လည်း အရမ်းကြာတယ်။ ဒီလိုအချိန်မျိုးမှာ ဆိုရှယ်မီဒီယာသုံးတာ၊ တခြားလုပ်စရာတွေနဲ အချိန်ဖြုန်းလို့ ရတာပဲ။ ဒါပေမယ့် သူမက အချိန်မဖြုန်းဘူး။ ရတဲ့အချိန်လေးမှာ အမှိုက်တွေလိုက်ကောက်တယ်။ အမှိုက်ကောက်တာက သူမအလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူမလုပ်သွားတယ်….” အွန်လိုင်းပေါ်က လူတွေကတော့ အဆိုပါအမျိုးသမီးရဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သူမကို ချီးမွမ်းခဲ့ကြကြောင်း straitstimes မီဒီယာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE