တောရိုင်းယုန်သဖွယ်သာ ပြုမူတတ်ခဲ့တဲ့ ၁၃ နှစ်သမီးလေးရဲ့ ကျောချမ်းဖွယ်ဘဝ

Genie Wiley ကို ကယ်ဆယ်ရေးအဖွဲ့တွေ စတွေ့စဉ်တုန်းက လက်နှစ်ဖက်ကို ရှေ့မှာကွေးထားကာ လမ်းလျှောက်မယ့်အစား ယုန်တစ်ကောင်ကို ခုန်ခုန်သွားနေခဲ့တာပါ။ အသက် ၁၃ နှစ်ရှိနေပြီဖြစ်ပေမယ့် သူမရဲ့ စိတ်အခြေအနေကတော့ မွေးခင်းစကလေးသာသာသာ ရှိနေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Genie တစ်ယောက် ဒီလိုမျိုးဖြစ်နေခဲ့တယ်ဆိုတာ ငယ်စဉ်ကလေးက အဖိနှိပ်ခံခဲ့ရပြီး နှိပ်စက်ခံခဲ့ရလို့ဆိုတာ သိလိုက်ရပါတယ်။

TLC / Youtube

Genie ဟာ လမ်းမလျှောက်တတ်ရုံသာမကဘဲ စကားလည်း မပြောနိုင်တဲ့အပြင် အစားအစာကိုလည်း ဝါးစားရကောင်းမှန်းမသိဘဲ ပါးစပ်ထဲငုံထားပြီး တံတွေးတွေနဲ့အရည်ပျော်သွားတဲ့အချိန်ကျမှ မြိုချလေ့ရှိပါတယ်။ တွေ့သမျှကိုလည်း ယုန်တစ်ကောင်ကို အနံ့ခံလိုက်၊ နှာခေါင်းကို ကွေးထားတဲ့လက်နဲ့ ပွတ်သပ်လိုက်နဲ့လုပ်နေခဲ့တာပါ။

Genie လေးဟာ စကားမပြောတတ်တဲ့အပြင် သူမစိတ်မကြည်ဖြစ်နေချိန်နဲ့ ဒေသထွက်တဲ့အချိန်တွေကလွဲလို့ ကျန်တဲ့အချိန် ငိုခြင်း၊ အော်ခြင်းမရှိခဲ့ပါဘူး။ လူကြားသူကြားလည်းမရှောင် ယားရင်ယားတဲ့နေရာကို ကုတ်တာတွေ အင်္ကျီလှန်တာတွေကိုလည်း ပြုလုပ်လေ့ရှိပါတယ်။

လူစကားဆိုလို့ သူမနားလည်တာ Genie Wiley ရယ်၊ “stop it” နဲ့ “no more” တို့ကိုပဲ နားလည်ဟန်ပေါ်ပါတယ်။ အသားအရည်တွေကလည်းသွေးမရှိသလို ဖြူစုတ်နေပြီး အာဟရချို့တဲ့လွန်းလို့ အရိုးပေါ်အရေမတင်ရုံတမယ်အနေအထားမှာရှိနေခဲ့တာပါ။

TLC / Youtube

Genie ဒီလိုဖြစ်ရခြင်းရဲ့ အဓိကတရားခံကတော့ သူမရဲ့ဖခင်အရင်းပါ။ ဖအေဖြစ်သူ Clark Wiley ဟာ ကလေးတွေကို မချစ်တတ်တဲ့အပြင် အရမ်းမုန်းတဲ့လူတစ်ဦးပါ။ ဒါကြောင့်လည်း သူ့ဇနီး Irene နဲ့ ရသမျှ ကလေးတွေကို ဇနီးသည်ကိုပါ ဂရုမစိုက်စေဘဲ ပစ်ထားဖို့ ဖိအားပေးစေခိုင်းခဲ့တဲ့အတွက် Genie အရှေ့မှာရှိတဲ့ ကလေးနှစ်ယောက်လည်း ကွယ်လွန်သွားခဲ့ရပါတယ်။

READ
အမျိုးသမီး ရှေ့ဖြစ်ဟောဆရာမ(၂) ဦးကို လူမြင်ကွင်းမှာ သေဒဏ်ပေးခဲ့တဲ့ မြောက်ကိုရီးယား

ပထမဆုံးကလေးလေးကိုတော့ အေးစက်လှတဲ့ကားဂိုထောင်ထဲမှာ ပစ်ထားခဲ့တာကြောင့်အသက်ဆုံးရှုံးခဲ့ရပြီး ဒုတိယကလေးကတော့ မီးဖွားပြီးသိပ်မကြာခင်မှာပဲ ရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။ တတိယမြောက်ကတော့ John အမည်ရှိသားလေးပါ။ John ကိုတော့ Clark ဟာ အနေစိမ်းပြီး ခပ်တန်းတန်းနေပေမယ့် နှိပ်စက်ခြင်းအလျဉ်းမရှိခဲ့ပါဘူး။

စတုတ္ထမြောက်ကလေးကတော့ လူ့ဘုံရဲ့ငရဲတွင်းထဲ နှစ်ရှည်လများနေရမယ့် Genie လေးပါ။ ၁၉၅၈ ခုနှစ် Genie ၁ နှစ်သမီးသာသာမှာတင် ကလေးကို အိမ်ရဲ့ အိပ်ခန်းတွင်းမှာ အမြဲတစေပိတ်လှောင်ထားခဲ့ပါတယ်။ Genie ဟာ စိတ်မနှံ့ဘူးလို့ Clark ကယူဆထားခဲ့ပြီး အငိုသန်သူဖြစ်တာကြောင့် နားငြီးတဲ့အတွက် အခုလိုလုပ်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။

TLC / Youtube

မနက်ခင်းမှာတော့ သောင်းကျန်းလွန်းတဲ့ စိတ်ရောဂါသည်တွေကို ဝတ်ပေးလေ့ရှိတဲ့ ကိုယ်ခန္ဓာချုပ်အင်္ကျီကို ဝတ်ဆင်စေခဲ့ကာ ကလေးတွေ အလေးစွန့်တဲ့အိုးပေါ်မှာ တစ်နေကုန်ချုပ်ကာ ထိုင်စေခဲ့ပါတယ်။ ညဘက်မှာတော့ ဝါယာကြိုးတွေနဲ့ လျှောက်မသွားနိုင်အောင် ချုပ်ထားလေ့ရှိပြီး သိပ်မအော်နိုင်အောင်လို့ဆိုကာ အရည်သာတိုက်ကျွေးခဲ့ပါတယ်။

TLC / Youtube

Clark ဟာ Genie ငိုတဲ့အခါမျိုးမှာ ခွေးလိုကျယ်လောင်စွာ ဟောင်တာတွေ မန်ဖီတာတွေ ပြုလုပ်လေ့ရှိပြီး စိတ်မထင်ရင်မထင်သလို လမ်းလျှောက်တုတ်နဲ့လည်း ရိုက်တတ်ပါသေးတယ်။ Clark ဟာ ဇနီးသည် Irene နဲ့ သားဖြစ်သူ John တို့ကိုလည်း သူ့အမိန့်အတိုင်းမနာခံပါက ကြိမ်းဝါးတတ်ပါသေးတယ်။ Irene ကြောင့်သာ (၁၃) နှစ်လောက် နှိပ်စက်ခံနေရတဲ့ Genie ရဲ့ ငရဲတွင်းကြီးကို သက်ဆိုင်ရာမှ ရှာတွေ့ခဲ့ကြတာပါ။ အမှန်တော့ Irene ဟာ အမြင်အာရုံသိပ်မကောင်းပါဘူး။ တစ်ရက် မသန်စွမ်းတွေအတွက် ပင်စင်လခသွားထုတ်ရင်း ရုံးခန်းမှားကာ လူမှုကယ်ဆယ်ရေးရုံးခန်းတွင်းသို့ ဝင်သွားတဲ့အတွက်ကြောင့် သူမရဲ့မူမမှန်တဲ့ အပြုအမူတွေကို မင်္သကာတာနဲ့ လိုက်ကြည့်ရင်းမှ အိမ်ထဲက ဆိုးရွားလှတဲ့ လျှို့ဝှက်ချက်တွေကို ရှာတွေ့ခဲ့ကြတာပါ။

READ
ရွာထဲ ပြောင်းလာနေသူတိုင်းကို ဒေါ်လာ (၇) သောင်းထောက်ပံ့ပေးမယ့် ဆွစ်ဇာလန်ရွာ
TLC / Youtube

Clark Willey ကိုတော့ တရားစွဲကာဆိုကာ ရုံးတင်စစ်ဆေးဖို့အတွက် ထိန်းသိမ်းထားခဲ့ပေမယ့် ပထမဆုံးရုံးချိန်အပြီးမှာတင် ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ နောက်ဆုံးရေးသားခဲ့တဲ့ စာတစ်စောင်ကတော့ “လောကကြီးကငါ့ကိုဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ပါဘူး” ဆိုတဲ့ စာလေးပါ။

၁၉၇၀ ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ Genie အမှုဟာ တီဗီတွေ၊ သတင်းစာတွေမှာ ပါလာခဲ့ပြီး အမေရိကန်တွေကို လုံးဝတုန်လှုပ်စေခဲ့ပါတယ်။ ဒါကြောင့်လည်း ကလေးသူကယ်ညှင်းပန်းနှိပ်စက်မှုတွေကို လူအများက ပိုမိုသတိထားမိလာခဲ့ကြပြီး ကာကွယ်မှုတွေအတွက်ကိုလည်း အမေရိကန်အစိုးရမှ ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့ကြပါတယ်။ Genie ရဲ့အကြောင်းကို (၁၉၉၄)ခုနှစ်က မှတ်တမ်းတင်ရုပ်ရှင်အဖြစ် ပြန်ရိုက်ကူးထားခဲ့တဲ့ Genie:Secret of the Wild Child ကတော့ Emmy ဆုပေါင်းများစွာ ရရှိခဲ့ပါတယ်။

TLC / Youtube

Genie ကိုလည်း ကမ္ဘာအနှံ့မှ လေ့လာသူတွေပူးပေါင်းကာ ပုံမှန်ဘဝမျိုးပြန်ရောက်ဖို့အတွက် ကြိုးစားပေးခဲ့ကြပါတယ်။ အနည်းငယ်တိုးတက်လာခဲ့ချိန်မှာတာ့ မွေးစားအိမ်တွေ တစ်အိမ်ပြီး တစ်အိမ်သို့ ပြောင်းဖို့စေခိုင်းခဲ့ပြီး မိသားစုရဲ့အနှစ်သာရကို သိသွားဖို့အတွက် ကြင်နာနွေးထွေးစွာ ဆက်ဆံစေခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ နောက်ဆုံးရသတင်းအရတော့ Genie ဟာ သူ့ရဲ့ အသက် ၆၀ ပြည့်မွေးနေ့ကို စောင့်ရှောက်ရေးဂေဟာတစ်ခုမှာ ဆင်နွှဲဖို့ပြင်ဆင်နေတယ်လို့သာ သိခဲ့ရပါတယ်။

 

Source: Mirror

Penny

 

 

SHARE